ဝက်လက်မြို့နယ်တွင် မီးလောင်ကျွမ်း၍ သေဆုံးနေသည့် လူတစ်ဦးတွေ့ရှိရ

ပို့စ်တင်ချိန် - 4/11/2014 10:43:00 AM


သတင်း၊ ကိုတိုးကြီး
ဝက်လက်၊ ဧပြီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာ၊ အောင်ချမ်းသာ ဆန်းစက်ဝင်းအတွင်း၌ ယခုလ ၆ ရက်နေ့ မနက် ၂ နာရီ ၅၅ မိနစ်အချိန်က မီးလောင်ကျွမ်း၍ သေဆုံးနေသည့်လူတစ်ဦး တွေ့ရှိခဲ့ရကြောင်း ရွှေကျင်ကျေးရွာ ဖွံ့ဖြိုးရေးနှင့် ထောက်ကူပြုအဖွဲ့ဝင် ဦးမြင့်အောင် ဆိုသူမှ လှတောနယ်မြေရဲကင်းစခန်းသို့ လာရောက် အကြောင်းကြားခဲ့သည် ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပြသည်။
ထို့ကြောင့် မီးလောင်၍ လူသေဆုံးနေသည့်အရပ်သို့ လှတောရဲစခန်းမှူး ရဲအုပ် ခင်ဇော်နှင့်အဖွဲ့က ကျေးရွာအုပ်ချုပ်ရေး မှူး ဦးစိုးနိုင်နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ မီးလောင်ကျွမ်း၍ သေဆုံးနေသူမှာ ဦးဖိုးဇော်(ခ) ဦးဇော်ဇော်အောင် အသက်(၅၅)နှစ်ဆိုသူဖြစ်ကြောင်း သိရသည်။ ထိုသူသေဆုံးရခြင်း မှာ ဖယောင်းတိုင်မီးထွန်း၍ အိပ်ပျော်သွားရာမှ ခေါင်းအုံးသို့ မီးကူးဆက်လောင်ပြီး ထိုမှတဆင့် နေအိမ်ထရံအကာ(၂) ပေခန့်မီးစွဲလောင်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ရဲအုပ် ခင်ဇော်နှင့်အဖွဲ့က ထင်မြင်ယူထားကြောင်း မှတ်တမ်းများ တွင်ဖော်ပြထားခဲ့သည်။
သို့သော် အဆိုပါ မီးလောင်သေဆုံးမှုအား မှုခင်းဆေးပညာအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် သေမှုသေ ခင်း အမှုရေးဖွင့်သွားမည်ဖြစ်ကြောင်း လှတောနယ်မြေရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
ယခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်နေ့မှစတင်၍ ဧပြီလ ၇ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်ကျွမ်း၍ လူ သေဆုံးခဲ့ရသည့်ဖြစ်စဉ်ပေါင်း(၈)ခုရှိခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နေ့စဉ်ထူးခြားဖြစ်စဉ်မှတ်တမ်းများအရ ရုံး ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။(မှတ်ချက် = သေမှုသေခင်းဖွင့်ရန် ရဲစခန်းမှ ဆောင်ရွက်ဆဲဖြစ်သည်)

 ကိုတိုး ချင်းတွင်း