ဗြိတိန်က ရခိုင်အရေး ပြောကြားမှု ပြည်တွင်းရေးကို စွက်ဖက်ခြင်းသာဖြစ်

ပို့စ်တင်ချိန် - 4/11/2014 12:06:00 PM


ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် သန်းခေါင်စာရင်းကောက်ယူနေမှုကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
ဗြိတိန်အစိုးရက မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းအား ဆင့်ခေါ်ကာ ရခိုင်ပြည်နယ်
အရေးကိစ္စများနှင့် လက်ရှိ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုး အမည်ကို
အသိအမှတ်ပြုရေး တိုက်တွန်းချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်
စွက်ဖက်ခြင်းသာဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာတိုင်း(မ်)ကို
ပြောကြားသည်။

"ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၈၂၄ ခုနှစ် ကနေ ၁၉၄၈ ခုနှစ်ကြား မြန်မာနိုင်ငံကို သိမ်းပိုက်ထား
တဲ့ နယ်ချဲ့ ဗြိတိသျှတွေရဲ့ အစီရင်ခံစာတွေ၊ သန်းခေါင်စာရင်းတွေမှာတောင် ဖော်ပြထားတာ
မရှိဘဲနဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေကနေ ပေါ်ထွက်လာတဲ့ စကားလုံးကို အခုမှ တရားဝင်
အသိအမှတ်ပြုဖို့ ဗြိတိသျှအစိုးရက ၀င်ရောက်စွက်ဖက်ပြီး ပြောလာတာက ကျိုးကြောင်းခိုင်လုံမှု
မရှိသလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုသာ ဖြစ်တယ်လို့ မြင်တယ်။
လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးလည်းဖြစ်သူ
ဦးရဲထွဋ်က ပြောသည်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာဆိုင်ရာ ၀န်ကြီး Hugo Swire သည် လန်ဒန်မြို့
တွင် တာဝန်ထမ်းဆောင်နေသော မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းအား ဧပြီလ ၇ ရက်နေ့တွင်
နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်း ခေါ်ယူတွေ့ဆုံကာ အထက်ပါအကြောင်း အရာများကို ဆွေးနွေးခဲ့
ခြင်းဖြစ်သည်။

တွေ့ဆုံမှုအပြီး ထွက်ပေါ်လာသည့် ထုတ်ပြန်ချက်တွင် ဗြိတိန်အစိုးရသည် ရခိုင်ပြည်နယ် အတွင်း
ဖြစ်ပျက်နေမှုများကို စိုးရိမ်ပူပန်လျက်ရှိရာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) နှင်ထုတ်
ခံရပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ (အထူးသဖြင့် ရိုဟင်ဂျာ လူမျိုးများ) မှာ
လုံလောက်သည့် ဆေးဝါးကုသမှုနှင့် လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ မရသည့်အတွက်
ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း Hugo Swire ကပြောသည်။

မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်ရှိ လူမျိုးစုများ အားလုံးအတွက် လူသားချင်းစာနာမှု အကူအညီ
များရရန် အမြန်ဆုံးဆောင်ရွက်ရန်နှင့် ကူညီထောက်ပံ့ပေးနေသော အဖွဲ့အစည်းများမှ ၀န်ထမ်းများ
နှင့် လူမျိုးစုများအားလုံးတွင် လုံခြုံရေး အာခံချက်ရရှိရေး ဆောင်ရွက်ပေးရန် ၎င်းက
တိုက်တွန်းခဲ့သည်။

နိုင်ငံတော်သမ္မတက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ရှင်းလင်းပြောကြား
ထားပြီး ဖြစ်သည့်အတွက် ထိုတိုက်တွန်းချက်များနှင့် ပတ်သက်၍ ထပ်မံရှင်းလင်းစရာ မလိုတော့
ကြောင်း ဦးရဲထွဋ်က ပြောသည်။

"အဲဒီထဲမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကာကွယ်ပေးမယ့်အကြောင်း အတိအလင်းပြောထား
ပြီးပါပြီ"ဟု ၎င်းက ပြောသည်။

လက်ရှိ ဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး
အတွက် စတာလင်ပေါင် ၁၀ သန်း ထောက်ပံ့ထားသော ဗြိတိသျှအစိုးရသည် သန်းခေါင်စာရင်း
ကောက်ယူမှုများကို နိုင်ငံတကာ စံချိန်စံညွန်းနှင့် ကိုက်ညီစေရန် တိုက်တွန်းထားသည်။

"ဒီအခြေအနေတွေကို ကျွန်တော်တို့ နေ့စဉ် စောင့်ကြည့်နေမှာပါ။ နောက်ပြီး မြန်မာအစိုးရနဲ့
ကုလသမဂ္ဂအပါအ၀င် တခြား အလှူရှင်နိုင်ငံတွေကိုလည်း ဆက်လက်တိုက်တွန်းသွားမှာပါ" ဟု
 Hugo Swire က ပြောကြားထားသည်။

အိအိတိုးလွင် / မြန်မာတိုင်း(မ်)