ထိုင်းမှာ သင်္ကြန်တွင်း ဘေးကင်းအောင် ၀ိုင်းဝန်းကြိုးပမ်း

ပို့စ်တင်ချိန် - 4/11/2014 07:45:00 PM


ထိုင်းသင်္ကြန်ကာလ ဧပြီ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ ၇ ရက်တာကာလကို အန္တရာယ်ရှိတဲ့ နေ့ရက်တွေ မဟုတ်ဘဲ ပျော်ရွှင်စရာ နေ့ရက်တွေအဖြစ် မျှော်လင့်ထားတယ်လို့ ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်က ပြောဆိုလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းက ရေးသားပါတယ်။

ဒီလို ပျော်ရွှင်စရာနေ့တွေ ဖြစ်နေဖို့အတွက် ပုဂ္ဂလိက၊ လူ့အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်းတွေနဲ့ အတူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သင်္ကြန်ကာလ လမ်းပေါ်မှာ မတော်တဆ ဖြစ်ရပ်တွေ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ဧပြီ ၁၀ ရက်နေ့က ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

ယာဉ်ကို ဘယ်လိုလုံခြုံစိတ်ချအောင် မောင်းမယ်၊ အရက်သေစာသောက်စားမှုကို ဘယ်လို ရှောင်ကြဉ် ထိန်းသိမ်းမယ်စတဲ့ အကြောင်းအရာတွေကိုလည်း သူက ဆွေးနွေးသွားပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း သင့်တော်တဲ့ ဖုန်းနံပါတ်တွေကို အကူအညီ လိုအပ်ရင် တောင်းနိုင်ဖို့ ပြည်သူတွေကို ပံ့ပိုးပေးဖို့လည်း ပြောပါတယ်။

ထိုင်းကျန်မာရေးဝန်ကြီးဌာနက ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁ သိန်း ၆ သောင်းကို နိုင်ငံတ၀န်းက ဆေးရုံတွေမှာ ချထားပြီး မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို သေချာ ကုသသွားမယ်လို့ ဆိုပြီး အရေးပေါ် ဆေးကုသမှုအတွက် ဖုန်းနံပါတ် ၁၆၆၉ ကို ခေါ်ယူနိုင်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ စေတနာဝန်ထမ်းတွေ ပူးတွဲပြီး မော်တော်ယာဉ် စစ်ဆေးခြင်းနဲ့ ပြုပြင်ရေးဝန်ဆောင်မှုကို ဒီနေ့ကစပြီး ဧပြီ ၁၇ ရက်နေ့အထိ နိုင်ငံတ၀န်းမှာ ဆောင်ရွက်ကြမယ်လို့ ဆိုပါတယ်။

ထိုင်းဘာသာနဲ့ ဆုန်ကရမ်လို့ခေါ်တဲ့ ထိုင်းရေသဘင်ပွဲတော်ကို သန်းနဲ့ ချီတဲ့ ထိုင်းတွေ ပါဝင် ဆင်နွဲကြပြီး မတော်တဆ ထိခိုက်မှုတွေကြောင့် သေဆုံးသူ ဦးရေကလည်း များပြားပါတယ်။

ထိုင်းနိုင်ငံမှာ ကားမတော်တဆ ဖြစ်ရပ်တွေကြောင့် နေ့စဉ် ပျမ်းမျှ လူ ၃၃ ဦး သေဆုံးနေပေမယ့် ရေသဘင်ပွဲတော်မှာတော့ ၄၀ ကနေ ၅၀ အထိ သေဆုံးတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။


DVB Burmese