အချိန်နဲ့ နေရာ

ပို့စ်တင်ချိန် - 4/11/2014 07:55:00 AM


“ ပြက္ခဒိန်တွေပေါ်ကို ကျွန်မခဏခဏ ရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မက အချိန်မှန်တတ်တဲ့သူ မဟုတ်ပါဘူးတဲ့”။ အဲဒီစကားကိုပြောခဲ့တဲ့သူက ကမ္ဘာကျော်ရုပ်ရှင် မင်းသမီး “မာရီလင်မွန်ရိုး” ပါ။ သူပြောတဲ့ အတိုင်းပါပဲ။ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး ဖြစ်နေပေမယ့် အချိန်ကိုမလေးစားခဲ့သလို ဖရိုဖရဲဆန်ခဲ့တဲ့ သူ့ဘ၀ဟာ တိုတောင်းခဲ့တယ်ဆိုတာကို အားလုံးအသိပါပဲ။

ကျွန်တော်တို့ လူသားတွေကရော အချိန်တွေကို အကျိုးရှိစွာ အသုံးချခဲ့ကြလားဆိုရင် အားမရစွာနဲ့ဘဲ ဖြေကြရမှာပါ။ တစ်ခါတလေ ကျွန်တော်တို့ ကိုယ်ပိုင်သိသိသာသာရော၊ မသိမသာရော အချိန်တွေကို ဖြုန်းတီးခဲ့ကြပါတယ်။ တစ်ခါတလေမှာ ပတ်ဝန်းကျင်က ကိုယ့်အချိန်တွေကို ယူဖြုန်းသွားတဲ့အခါမှာ အကြိမ်ရေများရင် များလာသလို အချိန်ကို တန်ဖိုးထား နားလည်သူတွေအတွက် အများကြီးနစ်နာဆုံးရှုံးမှုတွေ ဖြစ်စေတာပါပဲ။

လောကမှာ အစားပြန်မရတဲ့အရာတွေဟာ “အချိန်နဲ့ မိဘ”ပါပဲတဲ့။ နောက်ပြန် မလှည့်တတ်တဲ့ အချိန်တွေကို အမိအရ ဖမ်းဆုပ်မယူခဲ့ဘူးဆိုရင် နောင်တတရားတွေ ရင်မှာပိုက်ရတော့မှာပါ။ လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဆိုတာ ကိုယ့်တွက်ကိန်းနဲ့ကိုယ် ရှိနေနိုင်ကြတာပါပဲ။ အဲဒီအတွက် မိမိကိုယ်တိုင် ကိုယ့်အချိန်ကိုယ် လေးစားတတ်မယ်ဆိုရင် သူတစ်ပါးရဲ့အချိန်ကိုလည်း လေးစားတတ်လာမှာပါ။

ဖိတ်စာတွေထဲမှာ အစည်းအဝေးပဲဖြစ်ဖြစ်၊ အခမ်းအနားတစ်ခုခုပဲဖြစ်ဖြစ် “ဘယ်နှစ်နာရီအရောက်ကြွပါ” ဆိုတာမျိုး ပါလေ့ရှိပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ နာရီအတိုင်း ရောက်အောင်လာတဲ့သူဆိုတာ ရှားပါတယ်။ နောက်တစ်ခုက သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတိအကျ ကျင်းပတဲ့ပွဲ၊ အခမ်းအနားဆိုတာကလည်း ရှားပါတယ်။ ဟိုလူစောင့်၊ ဒီလူစောင့်၊ ဟိုလူမလာသေးလို့၊ လူကြီးမလာသေးလို့ဆိုတဲ့ အကြောင်းအရာတွေက အချိန်ကို အတိအကျလိုက်နာသူတွေအတွက် များစွာစိတ်ပျက်စရာကြီးပါ။

မြန်မာပြည်က အခမ်းအနား၊ ပွဲတော်မျိုးစုံမှာ အချိန်ကိုလေးစားတတ်မှုက နိုင်ငံတကာကို မမီသေးဘူးလို့ ပြောရမှာပါပဲ။ အထူးသဖြင့် နိုင်ငံခြားသား တော်တော်များများဟာ အချိန်နဲ့ပတ်သက်လာရင် လေးစားမှုအပြည့် ရှိကြပါတယ်။ ဒီအချိန်စမယ်ဆိုရင် ဘယ်သူ့မျက်နှာမှ မထောက်တတ်ပါဘူး။ အတိအကျစတတ်၊ လုပ်ဆောင်တတ်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေလည်း အချိန်ကိုလေးစားတတ်မှု စံချိန်တွေကို မြှင့်တင်ကြရတော့မှာပါ။

“စက္ကန့်၊ မိနစ်၊ နာရီ” စသော အချိန်တိုလေးများကို ပေါင်းစည်းထားခြင်းသည်ပင် အသက်မည်၏။ ထို့ကြောင့် အသက်ကို တန်ဖိုးထားသောသူသည် အချိန်ကို တန်ဖိုးထားရမည်။ “ကုသိုလ်၊ ပညာ၊ ဥစ္စာ” သုံးမျိုးအနက် တစ်မျိုးမျိုးကို မျှမရဘဲ အချိန်ကိုဖြုန်းတီးသူများသည် မိမိအသက်ကို ဖြုန်းတီးသူများပင် ဖြစ်သည်ဟု မေတ္တာရှင်ဆရာတော် အရှင်ဇ၀နက အချိန်နှင့်ပတ်သက်၍ လေးစားမှုရရှိရန် ဆိုဆုံးမခဲ့ပါတယ်။

တကယ်တော့ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်သူများဟာ ဘ၀မှာ နေရာကောင်း၊ ဌာနကောင်း၊ အောင်မြင်မှုကောင်းတွေဆိုတဲ့ “နေရာ” တစ်ခုကိုရဖို့ မခဲယဉ်းပါဘူး။ အဲဒီအတွက် ပေးဆပ်မှုက အချိန်ကို အကျိုးရှိရှိ အသုံးပြုခဲ့ခြင်းပါပဲ။ ကျွန်တော်တို့တွေဟာ အစားထိုးမရတာ အချိန်ဖြစ်တယ်ဆိုတာကိုလည်း သိကြတာပါပဲ။ အချိန်ကို အကျိုးရှိရှိ အသုံးချကြရမယ်ဆိုတာကိုလည်း နားလည်တတ်ကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေအနေနဲ့ သိထားတဲ့အတိုင်း နားလည်ထားတဲ့အတိုင်း မကျင့်ကြံနိုင်ကြသေးပါဘူး။ အချိန်ကို အကျိုးရှိရှိ အသုံးမချနိုင်သေးကြပါဘူး။ အဲဒီအတွက် အကျိုးအပြစ်တွေက ကျွန်တော်တို့မှန်းထားတဲ့ “နေရာ” တစ်ခုကို မရောက်တော့တာ ပါပဲ။

ဒီနေရာမှာ ကျွန်တော်တို့ ကိုးကွယ်တဲ့ မြတ်ဗုဒ္ဓဟာ အချိန်တွေကိုဘယ်လို အသုံးချခဲ့တယ်ဆိုတာကို(တစ်ဘ၀သာသနာ)ဆိုတဲ့ စာအုပ်ထဲမှာ ကျမ်းပြုဆရာတော်က ဖော်ပြထားပါတယ်။ မြတ်ဗုဒ္ဓဟာ “၂၄” နာရီမှာ ၁ နာရီနဲ့ မိနစ်၂၀ မျှသာ ကျန်းမာရေးအကျိုးငှာ ချန်ထားပြီး ၂၂ နာရီနဲ့ မိနစ် ၄၀ လုံးလုံး မရပ်မနား အများအကျိုးဆောင်ရွက်ပါတယ် တဲ့။ အဲဒါကြောင့် တစ်နှစ်မှာ နာရီပေါင်း ၈၁၇၆ နာရီမျှ အလုပ်လုပ်တော်မူပြီး နောက်ဆုံးပရိနိဗ္ဗာန်စံသည့်တိုင်အောင် နာရီပေါင်း ၃၆၇၉၂၀ မျှ အလုပ် လုပ်သွားခဲ့ပါတယ်တဲ့။ အဲဒါကြောင့် မြတ်ဗုဒ္ဓဟာ “ကမ္ဘာ့သမိုင်း” မှာ မည်သူမျှမယှဉ်နိုင်တဲ့ (စံ)လွန်သော ပုဂ္ဂိုလ်ထူးတစ်ယောက် ဖြစ်ပါတယ်တဲ့။

ဘုရားဖြစ်တဲ့အချိန်မှာတောင် အချိန်ကိုတန်ဖိုးထားအသုံးချခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ပါရမီဖြည့်စဉ်အလောင်းတော်ဘ၀က မည်မျှအထိအချိန်ကို အကျိုးရှိရှိ အသုံးပြုခဲ့တယ်ဆိုတာ ပြောပြစရာမလိုတော့ပါဘူး။ ကျွန်တော်တို့အတွက် ရရှိခဲ့တဲ့ သင်ခန်းစာကတော့ အချိန်ကိုအကျိုးရှိရှိ အသုံးချမှသာလျှင် ကျွန်တော်တို့လိုချင်တဲ့ “နေရာ” ဆိုတာကို ရကြမှာပါ။ အဲဒီအတွက် ကျွန်တော်အပါအ၀င် အားလုံးသော နိုင်ငံသားတွေဟာ မိမိကိုယ်ပိုင်အချိန်ကို မဖြုန်းတီးဖို့လိုသလို သူတစ်ပါးအချိန်တွေကိုလည်း မခိုးမိစေဖို့ လိုအပ်ပါတယ်။

အချိန်ကိုအကျိုးရှိစွာ အသုံးပြုကြရမှာပါ။
news-eleven