ဥရောပတိုက်မှာတောင် ငြိမ်းချမ်းရေးဟာ အန္တရာယ်ကျရောက်နေကြောင်း ပြင်သစ်သမ္မတ ပြော

ပို့စ်တင်ချိန် - 4/11/2014 02:22:00 PM


ကရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်ခဲ့တာနဲ့ ယူကရိန်းအရှေ့ပိုင်းဒေသမှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေ ပြင်းထန်နေတဲ့အချိန်၊ ရုရှားနဲ့ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ တိုးချထားတဲ့ အချိန်မှာ ဥရောပဒေသရဲ့ ငြိမ်းချမ်းရေးတည့်တံ့ခိုင်မြဲရေးဟာ စိုးရိမ်ဖွယ်အခြေအနေမှာ ရောက်နေတယ်လို့ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက ပြောလိုက်ပါတယ်။

ပြင်သစ်သမ္မတ ဟော်လန်ဒီ

မက္ကဆီနိုင်ငံကို ရောက်နေတဲ့ ပြင်သစ်သမ္မတက မက္ကဆီကိုလွှတ်တော်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ပြောလိုက်တာ ဖြစ်ပါတယ်။
ယူကရိန်းအပိုင် ကရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်ခဲ့တဲ့နောက်မှာ အရှေ့နဲ့ အနောက်ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်း အဆိုးဆုံး အကျပ်အတည်းဆီကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ ဟော်လန်ဒီက “ရုရှားကလည်း ယူကရိန်းနဲ့ နယ်စပ် အခြားဒေသတွေဆီကို တပ်တွေကို စေလွှတ်ထားပါတယ်။ မက္ကဆီကိုလွှတ်တော်အမတ်တွေနဲ့ မိန့်ခွန်းပြောရာမှာ ပြင်သစ်သမ္မတက ငြိမ်းချမ်းရေးအတွက် ဆော်သြလိုက်ပါတယ်။ ဥရောပတိုက်မှာတောင် ငြိမ်းချမ်းရေးဟာ အန္တရာယ်ကျရောက်နေပါတယ်။ ကုလသမဂ္ဂရဲ့ အမြင်အရ စစ်အေးခေတ်ဟာ ပြီးဆုံးသွားတယ်လို့ မရှိပါဘူး။ အခုတခါ ပိုဆိုးလာပါပြီ၊ ယူကရိန်းအရေးအခင်း၊ ကရိုင်းမီးယား အရေးအခင်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ နိုင်ငံတခုရဲ့ နယ်မြေကို ဖယ်ထုတ်ပြီး တခြားနိုင်ငံတခုဘက်ကို ဆွဲထည့်လိုက်တာ နိုင်ငံတကာ အခွင့်အရေးတွေကို ချိုးဖောက်မှု ဖြစ်တယ်။ ဒီလို လုပ်ရပ်ကြောင့်ပဲ သူ့ကို အပြစ်တင်နေကြတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်တာမှန်သမျှကို ကျနော်တို့ လုပ်သွားပါမယ်။ စေ့စပ်ဆွေးနွေးတာနဲ့ ညှိနှိုင်းမှုတွေအတွက် နေရာတခုဟာ အမြဲတမ်း ရှိပါတယ်။ ဒီအတိုင်းပဲ လုပ်သွားသင့်ပါတယ်။”လို့ ပြောပါတယ်။ ဟောလန်ဒီဟာ ပြင်သစ်သမတ အဖြစ် တာဝန်ယူထားစဉ်အတွင်းမှာ မက္ကဆီကို နိုင်ငံကို ပထမဆုံးအနေနဲ့ ရောက်နေတာဖြစ်ပါတယ်။

DVB Burmese