အားကစားဝန်ကြီး ဦးတင့်ဆန်းက ပေါင်းလောင်းအားကစားကွင်းအား မြို့ခံလူထုထံ လွှဲပြောင်းပေးရန် ပြန်လည်ပယ်ဖျက်ခဲ့သဖြင့် မြို့ခံလူထုက ဇူလိုင်လဆန်းတွင် ဆန္ဒထုတ်ဖော်သွားမည်

ပို့စ်တင်ချိန် - 6/30/2014 10:24:00 AM


ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် မြို့ခံလူထုမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
အားကစားဝန်ကြီး ဦးတင့်ဆန်းက ပေါင်းလောင်းအားကစားကွင်းအား မြို့ခံလူထုထံ လွှဲပြောင်းပေးရန်ပြန် လည်ပယ်ဖျက်ခဲ့သဖြင့် မြို့ခံလူထုက ဇူလိုင်လဆန်းတွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်က ပြုလုပ်သည့် ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် သတင်းစာရှင်းလင်းပွဲတွင် သိရသည်။

ဇွန် ၂၆ ရက် အမျိုးသားလွှတ်တော်တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီး၏ မေးမြန်းထားသည့် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်းကို ပျဉ်းမနားမြို့ မြို့မိမြို့ဖများလက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဖြေကြားရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်ထားသည့် စာအရ ယူလိုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကွင်းများအား လွှဲပြောင်းပေးရန် အမိန့်အမှတ်ကို ပြန်လည်ပယ်ဖျက်ခဲ့ပြီး ယခင်စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြယ်ပွင့်မပြ မေးခွန်းအား အားကစားဝန်ကြီး ဦးတင့်ဆန်းက အိတ်ပိတ်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါင်းလောင်းအားကစားကွင်းအား မြို့ခံလူထုထံ လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ထုတ်ပြန်ညွှန်ကြားခဲ့သော်လည်း အားကစားဝန်ကြီးမှ ပြန်လည်ပယ်ဖျက်ခဲ့သဖြင့် မြို့ခံဘောလုံးသမားဟောင်း တစ်ဦးက “သူတို့က သမ္မတရဲ့ မိန့်မှတ်ချက်ကိုကျော်ပြီး ပယ်ဖျက်ခဲ့တာကြောင့် ကျွန်တော်တို့ ပြည်သူတွေအတွက် စဉ်းစားစရာ ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ အားကစားသမား အဟောင်းတွေကော မြို့ခံလူထုပါ ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် ဆန္ဒပြသွားမှာပါ” ဟုပြောကြားသည်။

ပေါင်းလောင်းကွင်းကို စတင်တည်ထောင်သူ ဗိုလ်ကြီးစံဝင်းက “ပေါင်းလောင်းအားကစားကွင်းဟာ နိုင်ငံပိုင်ဘောလုံးကွင်း မဟုတ်ပါဘူး။ ပြည်သူပိုင်ဘောလုံးကွင်း ဖြစ်ပါတယ်။  အခုလို တစ်ဖက်နဲ့တစ်ဖက် ရှုပ်ထွေးမှု အငြင်းပွားမှုတွေ ဖြစ်နေတာဟာလည်း အလွန်အလွန် စိတ်မကောင်းစရာ ဖြစ်မိပါတယ်။ တစ်ဖက်ကလည်း ပြည်သူ၊ တစ်ဖက်ကလည်း အာဏာပိုင်နဲ့ ငွေကြေးဓနရှင် ဖြစ်နေတော့ ပေါင်းလောင်းအားကစားကွင်းရဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်နဲ့ မြို့ခံပြည်သူလူထု ချွေးသွေးနဲ့ နိုင်ငံတကာစံချိန်မီကွင်းဖြစ်အောင် ကြိုးစားလာခဲ့ရတာပါ။ တိုင်းပြည်အုပ်ချုပ်နေတဲ့ လူကြီးတွေ စဉ်းစားကြည့်ရင် အဖြေပေါ်မှာပါပဲ” ဟု ပြောကြားခဲ့သည်။


News Eleven