ချစ်သူကို သေနတ်ဖြင့် ပစ်သတ်ချိန်တွင် ပစ္စတိုးရီးရက်စ်၏ စိတ်အခြေအနေ ဖောက်ပြန်မှုမရှိခဲ့

ပို့စ်တင်ချိန် - 6/30/2014 06:01:00 PM

ပစ္စတိုးရီးရက်စ်ကို ၄င်း၏ချစ်သူနှင့်အတူ တွေ့ရစဉ်



ချစ်သူကို သတ်ဖြတ်မှုဖြင့် တရားရင်ဆိုင်နေရသည့် တောင်အာဖရိက နာမည်ကျော် မသန်စွမ်း အပြေးသမား အော်စကာ ပစ္စတိုးရီးရက်စ်၏ အမှုကို ရုံးချိန်းယူ ဆက်လက်စစ်ဆေးရာ ၎င်းအနေဖြင့် အမျိုးသမီးကို သေနတ်ဖြင့် ပစ်ခတ်ချိန်တွင် စိတ်ကစဥ့်ကလျား အခြေအနေမျိုး လုံးဝမရှိကြောင်း စိတ်ပညာရပ်ဆိုင်ရာ အစီရင်ခံစာတစ်ရပ် တရားရုံးသို့ တင်သွင်းခဲ့ကြောင်း သိရှိရသည်။

ရီဗာစတင်းကမ့်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ချိန်တွင် ပစ္စတိုးရီးရက်စ်သည် စိတ်ပူပင် ဖိစီးမှုများ ရှိနေကြောင်း တရားခံ ရှေ့နေများဘက်မှ ခုခံ လျှောက်လှဲခဲ့သော်လည်း ယခုအစီရင်ခံစာက ၎င်း၏ စိတ်အခြေအနေနှင့် ပတ်သက်ပြီး မူမမှန်မှု မရှိကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။

(၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းက ပစ္စတိုးရီးရက်စ်သည် ပရီတိုးရီးယားမြို့ရှိ ၎င်း၏ နေအိမ်တွင် တောင်အာဖရိကမော်ဒယ်လ် စတင်းကမ့်ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ပစ္စတိုးရီးရက်စ်က ၎င်းသည် စတင်းကမ့်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ခံထားသော်လည်း ထိုစဉ်က ရေချိုးခန်းထဲတွင် ရှိနေသော အမျိုးသမီးကို ကျူးကျော်ဝင်ရောက်လာသည့် မသမာသူ တစ်ဦးဟု အထင်မှားကာ စိတ်ပူကာ ပစ်မိခဲ့ခြင်းဟု တရားရုံးတွင် လျှောက်လှဲထားသည်။

သို့သော်လည်း သေနတ်ဖြင့် အချက်အတော်များများ ပစ်ခတ်ခဲ့ချိန်တွင် အမျိုးသမီး၏ အော်သံကို အဘယ်ကြောင့် သတိမမူမိကြောင်း တရားလို ရှေ့နေများက ပြန်လည်ထောက်ပြ မေးခွန်းထုတ်ခဲ့သည်။ ယခုတင်သွင်းသည့် စိတ်ပိုင်းဆိုင်ရာ လေ့လာမှု အစီရင်ခံစာကို တရားလိုဘက်ကရော၊ တရားခံဘက်ကပါ လက်ခံခဲ့ကြောင်းလည်း သိရသည်။

အစီရင်ခံစာတွင် အသက်(၂၇)နှစ်ရှိ ပစ္စတိုးရီးရက်စ် အနေဖြင့် ရာဇဝတ်မှု တစ်ခုကို စိတ်လိုက်မာန်ပါ ပြုမူရလောက်သည်အထိ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု၊ မှားယွင်းအားနည်းမှု မရှိကြောင်း ကောက်ချက်ချ ဖော်ပြထားသည်။ ထို့ကြောင့်လည်း တရားခံ အကျိုးဆောင် အဖွဲ့သည် ပစ္စတိုးရီးရက်စ် ငယ်စဉ်က ၎င်း၏ ခြေထောက်များကို ဖြတ်တောက် ကုသပေးခဲ့ရသည့် ဒေါက်တာ ဂယ်ရီ ဗားစ်ဖဲလ်၏ ထွက်ဆိုချက်ကို မျှော်လင့်အားကိုးရတော့မည် ဖြစ်သည်။

ပစ္စတိုးရီးရက်စ်သည် မွေးရာပါ ခြေသလုံးရိုးများ ပါမလာသဖြင့် အသက်(၁၁)လသား အရွယ်ကတည်းက ခြေထောက်များကို ခွဲစိတ်ဖြတ်တောက်မှု ခံယူခဲ့ရသည်။ ဒေါက်တာ ဗားစ်ဖဲလ်သည် မသန်စွမ်းသူ ဘဝက ပစ္စတိုးရီးရက်စ်အပေါ် မည်ကဲ့သို့ သက်ရောက်မှု ရှိနိုင်ကြောင်း သက်သေခံ ထွက်ဆိုရမည် ဖြစ်သည်။

အသက်(၂၉)နှစ်ရှိ စတင်းကမ့်သည် ဥပဒေ ဘွဲ့ရတစ်ဦးဖြစ်ပြီး ပစ္စတိုးရီးရက်စ်နှင့် (၃)လကြာမျှ တွဲနေပြီးနောက် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။ သူမသည် ရေချိုးခန်းထဲတွင် ရှိနေစဉ် တံခါးအပြင်ဘက်မှနေ၍ သေနတ်ဖြင့် ဖောက်ထွင်းပစ်ခတ် ခံခဲ့ရသည်။

ပစ္စတိုးရီးရက်စ်သည် စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ခံယူရန်အတွက် ပရီတိုးရီးယားမြို့ရှိ Weskoppies စိတ်ကျန်းမာရေး ဆေးရုံတွင် အပြင်လူနာအဖြစ် တစ်လကြာ အစစ်ခံခဲ့ရသည်။ တောင်အာဖရိက တရားစီရင်ရေးတွင် ဂျူရီလူကြီးများ ပါဝင်ဆုံးဖြတ်မှု မရှိသောကြောင့် ပစ္စတိုးရီးရက်စ်၏ ကံကြမ္မာသည် တရားသူကြီးနှင့် လက်ထောက်နှစ်ဦး၏ ဆွေးနွေးတိုင်ပင်မှု ရလဒ်အပေါ်တွင်သာ အဓိက တည်မှီနေသည်။

အကယ်၍ ပြစ်မှုထင်ရှားပါက ပစ္စတိုးရီးရက်စ် အနေဖြင့် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်ထိ ချမှတ်ခံရဖွယ် ရှိနေကြောင်းလည်း သိရသည်။ ထိုသို့မဟုတ်ဘဲ လူသတ်မှု စွဲချက်မှ လွတ်မြောက်သွားသည့်တိုင် တရားရုံးက လူသတ်မှု ဖြစ်စေလောက်သည့် ပါဝင်ပတ်သက်မှုဖြင့် ပြောင်းလဲစွဲချက်တင်မည့် အလားအလာ ရှိနေပြီး ယင်းအတွက် အမြင့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ်(၁၅)နှစ်ဖြစ်သည်။

ပစ္စတိုးရီးရက်စ်သည် သတ္တုခြေတုနှစ်ခုကို ခြေထောက်အောက်ပိုင်းတွင် တပ်ဆင်ပြေးလွှာပြီး မသန်စွမ်း အပြေးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့သည့် တောင်အာဖရိက ဂုဏ်ဆောင် အားကစားသမား တစ်ဦးဖြစ်သည်။ ၎င်းသည် အိုလံပစ် ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် သန်စွမ်းကျန်းမာသည့် အပြေးသမားများနှင့် တန်းတူယှဉ်ပြိုင်သည့် ပထမဆုံး ခြေနှစ်ဖက်စလုံး ကင်းမဲ့သော မသန်စွမ်း အပြေးသမား အဖြစ်လည်း (၂၀၁၂)ခုနှစ်၊ နွေရာသီ အိုလံပစ်တွင် သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးထားနိုင်ခဲ့သည်။

_Ref: BBC
7day daily