ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဟိန္ဒူလူမျိုး အိမ်ခြေ ၃၅၀ လုယက်မီးရှို့ဖျက်ဆီးတိုက်ခိုက်ခံရ

ပို့စ်တင်ချိန် - 1/08/2014 02:30:00 PM


မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လွန်ခဲ့သော တနင်္ဂနွေနေ့က အနည်းဆုံး ဟိန္ဒူ လူနည်းစု အိမ်ခြေပေါင်း ၃၅၀ လုယက်မီးရှို့ ဖျက်ဆီး တိုက်ခိုက်ခံခဲ့ရသည်ဟု ယနေ့ထုတ် The Independent သတင်းစာတွင် ဖေါ်ပြသည်။

ဘာသာရေး ဘုရားရှိခိုးကျောင်းများ အပါအ၀င်  အနည်းဆုံး အိမ်ခြေ ၃၅၀ နှင့် ဆိုင်ပေါင်း ၅၀ တို့ လုယက်မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများကို ကိုးကားပြီး သတင်းစာက ဖေါ်ပြသည်။

ယခု ဟိန္ဒူလူနည်းစုများ တိုက်ခိုက်ခံခဲ့ရသော ဒေသမှာ နိုင်ငံ မြောက်ပိုင်းရှိ ဒိုင်နချပူမြို့နယ်မှ ကျေးရွာအများအပြားတွင် ဖြစ်သည်ဟု သတင်းက ဆိုသည်။

အင်အား ၂၀၀၀ ခန့်ရှိသော ဂျာမတ်နှင့် ချီဘီယာ အစ္စလာမ်မစ် အဖွဲ့ဝင်များသည် တုတ်ဓါးလက်နက်များကို အပြည့် ကိုင်ဆောင်ပြီး ရွှေးကောက်ပွဲအပြီး နာရီ အနည်းငယ် အကြာတွင် ၎င်းရွာများကို ၀င်ရောက် ဖျက်ဆီး တိုက်ခိုက်ခဲ့ကြသည်ဟု ပြောသည်။

၎င်းပြင် မဲရုံကို သွားပြီး မဲထည့်သူ ဟိန္ဒူ လူမျိုးအများအပြားလည်း တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းစာက ဖေါ်ပြသည်။

တိုက်ခိုက်ခံရပြီးနောက် ထောင်နှင့် ချီသော လူနည်းစု ဟိန္ဒူများမှာ အိုးအိမ်များကို စွန့်ခွာထွက်ပြေးသွားကြပြီး ယခုအချိန်ထိ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးဟု သိရသည်။

ယနေ့ထုတ် The Daily Star သတင်းစာကြီးမှလည်း လွတ်လပ်ရေး ရရှိပြီး ၄၃ နှစ်အကြာတွင် ဘင်္ဂလာဒေခ်ျ့ရှိ ဟိန္ဒူလူမျိုးများမှာ အဓိက ခြိမ်းခြောက်ခံနေကြရပြီး အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသည်ဟု ဖေါ်ပြသည်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော ရွှေးကောက်အပြီးတွင် အတိုက်အခံ ဘီအန်ပီပါတီ ထောက်ခံသူများနှင့် ဂျာမတ်- ချီဘီယာ ပါတီဝင်များသည် Thskurgaon, Dinajpur, Rangpur, Bogra, Lalmonirhat, Rajshahi, Chittagong နှင့် Jssore ခရိုင်အတွင်းရှိ လူနည်းစု ဟိန္ဒူအိမ်များကို အဓိက ပစ်မှတ်ထားကာ ၀င်ရောက် လုယက် မီးရှို့မူများကို ကျူးလွန်ခဲ့ကြသည်ဟု The Daily Star သတင်းစာက ဖေါ်ပြသည်။

ယခုကဲ့သို့ လူနည်းစု ဟိန္ဒူလူမျိုးများ၏ နေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများ မီးရှို့ လုယက် တိုက်ခိုက်ခံရသဖြင့် ကျေးလက် ဒေသများတွင် နေထိုင်နေကြသော အစ္စလာမ် ဘာသာဝင်မဟုတ်သူ လူနည်းစုများ အနေဖြင့် သူတို့၏ လုံခြုံရေးနှင့် ပတ်သက်ပြီး အထူး စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု သိရသည်။

Burmesenews narinjara