မလေးရှား၌ ပြဿနာဖြစ်ပွားပြီး ပိတ်မိနေသည့် မြန်မာအလုပ်သမားများ ယနေ့မြန်မာနိုင်ငံသို့ ပြန်ရောက်မည်

ပို့စ်တင်ချိန် - 1/08/2014 10:06:00 AM


မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား အလုပ်သမားများနှင့် ပြဿနာဖြစ်ပွားပြီး ပိတ်မိနေသည့် မြန်မာအလုပ်သမားများ ယနေ့ဇန်န၀ါရီ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

မလေးရှားတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမား ၉၈ ဦးအနက် ၂၁ ဦးမှာ ဇန်န၀ါရီ ၈ ရက် Air Asia လေကြောင်းလိုင်းဖြင့် နံနက် ၈ နာရီတွင်လည်းကောင်း၊ အလုပ်သမား ၄၈ ဦးမှာ နံနက် ၁၁ နာရီ ၁၅ မိနစ် လေယာဉ်ဖြင့်လည်းကောင်း နှစ်သုတ်ခွဲကာ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

“ပိတ်မိနေတဲ့ အလုပ်သမားတွေထဲမှာ ၆၉ ဦးက နှစ်သုတ်ခွဲ အရင်ဆုံးပြန်ရတာပေါ့။ ကျန်တဲ့အလုပ်သမားတွေက သန်ဘက်ခါ (ဇန်န၀ါရီ ၉ ရက်) မနက် ၈ နာရီ လေယာဉ်နဲ့ပါ။ တချို့လေယာဉ်လက်မှတ် မတတ်နိုင်လို့ အာဘာဖီအေဂျင်စီကနေ စိုက်ပေးထားတဲ့ အလုပ်သမားတွေရှိတယ်” ဟု ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က ဆိုသည်။

အဆိုပါ ပိတ်မိနေသည့် မြန်မာအလုပ်သမားများကို မလေးရှားအလုပ်သမား သံအရာရှိ၊ အာဘာဖီ ပြည်ပအလုပ်အကိုင် အေဂျင်စီနှင့် အလုပ်ရှင်တို့ သုံးပွင့်ဆိုင် ညှိနှိုင်းမှုများကြောင့် ဒီဇင်ဘာ ၃၁ ရက်တွင် ပုန်းအောင်းနေရာမှ မလေးရှားရှိ နေအိမ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ယခုလို နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

eleven media group