ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်များအဖွဲ့ ငါးဖွဲ့ခွဲပြီး လေ့လာ

ပို့စ်တင်ချိန် - 1/08/2014 02:00:00 PM


လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဟာ နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအသီးသီးက ပေးပို့ထားတဲ့ ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၃ သိန်းကျော်ကို အဖွဲ့ ၅ ဖွဲ့ခွဲပြီး လေ့လာသုံးသပ်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။

နေပြည်တော် ပြည်ထောင်စု လွှတ်တော်ရုံးမှာ ကော်မတီအစည်းအဝေးကျင်းပပြီး သဘောတူ ဆုံးဖြတ်လိုက်တာပါ။

အဖွဲ့ ၅ ဖွဲ့စလုံးရဲ့ သုံးသပ်ချက်တွေကို စုပေါင်းပြီး ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာတင်မှာဖြစ်တယ်လို့ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင်တစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“ကျနော်တို့ ဒီကိုရောက်လာတဲ့ အကြံပြုချက်တွေ ပြင်ဆင်ချင်တဲ့ အချက်အလက်ပေါင်း သုံးသိန်းကျော်လောက်ကို ကျနော်တို့အဖွဲငါးဖွဲ့ကနေ ခွဲပြီးသုံးသပ်ပြီးတော့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဇန်နဝါရီလ နောက်ဆုံးထားပြီးတော့ ကျနော်တို့ လွှတ်တော်ကိုတင်မှာပါ၊ အဖွဲ့ခွဲအလိုက်ပဲ ကိုယ့်ဘာသာကိုယ် သုံးသပ်ပြီး နောက်ပေါင်းပြီးတော့လည်း အဲဒီအဖွဲ့တွေဟာကို ဝိုင်းပြီးတော့မှ လေ့လာသုံးသပ်ဦးမှာပါ၊ ဘယ်အခန်းမှာ ဘယ်သူတွေပါမယ် ဆိုတာကတော့ ကျနော်တို့ အဖွဲ့ခွဲပြီးသားပါ၊ အဲဒီအတွက်ပဲ ကျနော်တို့က အကြမ်းဖျင်း အဖွဲ့ခွဲထားပြီးပြီ ဒီလိုလုပ်မယ့်ဟာတွေကို အားလုံးသဘောတူသလားဆိုတာကို ဝိုင်းဆုံးဖြတ်ကြတာပါ”

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်အသီးသီးကပေးပို့တဲ့ အကြံပြုစာပေါင်း နှစ်သောင်းရှစ်ထောင်နီးပါး လက်ခံရရှိထားပြီး အဲ့ဒီအထဲမှာ အကြံပြုချက်ပေါင်း သုံးသိန်းကျော်ပါဝင်တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အကြံပြုချက် သုံးသိန်းကျော်ထဲမှာ အခန်း ၁ 'နိုင်ငံတော်အခြေခံမူများ' အခန်းအတွက် အကြံပြုချက် တစ်သိန်းလေးသောင်းကျော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ အခန်း ၁၂ အတွက် အကြံပြုချက် တစ်သိန်းကျော်ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံတော် သမ္မတအရည်အချင်း သတ်မှတ်ချက်ပါတဲ့ အခန်း ၃ အတွက် အကြံပြုချက် သုံးထောင်ကျော် ပါဝင်တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

RFA Burmese