ရထားလမ်းနဲ့ ကားလမ်းဆုံတဲ့နေရာက မောင်းတံတွေကို လူနဲ့ အဖွင့်အပိတ်မလုပ်ဘဲ အော်တိုမစ်တစ် အဖွင့်အဂိတ်မောင်းတံတွေ ပြုလုပ်တော့မည်

ပို့စ်တင်ချိန် - 1/08/2014 12:00:00 AM


မြန်မာ့မီးရထားမှ လက်ရှိရထားလမ်းနှင့် ကားလမ်းဆုံရာ နေရာရှိ ဂိတ်တံခါး အဖွင့်အပိတ်များကို ရထားဖြတ်သန်း မောင်းနှင်သည့် အချိန်တွင် လုပ်သားများဖြင့် ပြုလုပ်နေသည့်စနစ်မှ အလိုအလျောက် ပိတ်၊ ဖွင့် (အော်တို) အဖွင့်အပိတ် ဂိတ်များအဖြစ် ပြုလုပ်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ၁-၁-၂၀၁၄ ရက်တွင် ပြောကြားသည်။ “အခု ရထားလာရင် လူနဲ့ အဖွင့်အပိတ် လုပ်နေရာကနေ အော်တိုစနစ် ဂိတ်တွေဖြစ်အောင် JICA နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အော်တိုစနစ်ကို ဒီ ၂၀၁၄ ခုနှစ်မှာ အကောင်အထည် စဖော်မှာပါ” ဟု ဦးကျော်ကျော်မျိုးက ပြောကြားသည်။ ကားလမ်းဆုံသို့ ရထားရောက်ရှိမည့် အကွာအဝေးတစ်ခုတွင် မောင်းတံများမှ အော်တို ပိတ်သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အော်တိုမောင်းတံများ ပိတ်ရန်အတွက် ရထားသံလမ်းများတွင် လျှပ်စစ်ဝိုင်ယာကြိုးများ တပ်ဆင်၍ အော်တိုအချက်ပြ စနစ်များ ဖြစ်စေမည့် နည်းပညာပိုင်းကို ဂျပန်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 ကားလမ်းဆုံများတွင် ရထားမောင်းနှင်လာပါက လုပ်သား တစ်ဦးတည်းဖြင့် ကားအသွားအပြန် လမ်းကြောင်းနှစ်ခုကို အလျင်အမြန် ပိတ်ရ ဖွင့်ရသည့်အတွက် အချိန်ကြာမြင့်မှုများ ရှိသလို ရထားမလာမီ ကြိုပိတ်ထားသည့်အတွက် ယာဉ်ကြော ကျပ်တည်းမှုများလည်း ဖြစ်ပေါ်နေသဖြင့် အော်တိုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ “အော်တိုဂိတ်အဖြစ် ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမောင်းနှင်တဲ့ လမ်းကြောင်းက ဂိတ်တွေ၊ ရန်ကုန်-မန္တလေး လမ်းကြောင်းဂိတ်တွေ၊ လူစီးများတဲ့ ရထားလမ်းကြောင်းမှာရှိတဲ့ ဂိတ်တွေကို အော်တိုစနစ် ကျင့်သုံးသွားမှာပါ။ ကျန်ရထား လမ်းကြောင်းမှာရှိတဲ့ ဂိတ်တွေကိုတော့ လုပ်သားနဲ့ပဲ ပိတ်သွားဦးမှာပါ” ဟု ယင်းက ပြောကြားခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
khit lu nge