မြောက်ကိုးရီယား စစ်အရာရှိများ ကင်မ်ဂျုံအန်းထံ သစ္စာဆို

ပို့စ်တင်ချိန် - 1/08/2014 07:30:00 AM

မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ဇန်န၀ါရီ ၆ ရက်က လူထုစည်းဝေးပွဲတရပ် ကျင်းပပြီး အရာရှိတွေက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကို သစ္စာရှိမယ်လို့ ကတိပြုခဲ့ကြ ပါတယ်။

ဓာတ်ပုံ – ရိုက်တာ

မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ရိုက်တာစ် သတင်းဌာနကို ပေးပို့တဲ့ ရုပ်သံထဲ မှာတော့ ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယား ပြည်သူတွေက ကင်မ်အီဆွန်းရင်ပြင်မှာ စုရုံးပြီး ကင်မ်ဂျုံအန်းကို ထောက်ခံတဲ့ ဆောင်ပုဒ်တွေ ကြွေးကြော်နေကြပါတယ်။
ဒီရုပ်သံနဲ့ပတ်သက်ပြီး သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးနိုင်မှုတော့ မရှိပါဘူး။ မြောက်ကိုရီးယားရဲ့ အနာဂတ်အမြင်နဲ့ ကင်မ်ရဲ့ ခေါင်းဆောင်မှုကို ထောက်ခံကြောင်း အစီရင်ခံစာကိုတော့ လက်ရှိ အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီ အတွင်းရေးမှူးနဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မွန်ကရွန်းဒေါ့ခ်က လူထုစည်းဝေးပွဲ အတွင်းမှာ ဖတ်ပြပါတယ်။

ကင်အီဆွန်းဝါဒ ကင်ဂျုံအီးလ်ဝါဒ အဓွန့်ရှည်ပါစေလို့ အဓိပ္ပာယ်ရတဲ့ စာတမ်းတွေကို ကိုင်ဆောင်ရင်း ချီတက်ခဲ့ကြတာပါ။ ဂိုဏ်းဂဏ ကွဲပြားမှုကို သုတ်သင်အပြီး လက်ရှိအာဏာရ ပါတီဟာ ပိုအားကောင်းလာတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်က သူ့ဦးလေးကို သုတ်သင်ခဲ့မှုနဲ့ပတ်သက်ပြီး ရည်ညွှန်းပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ဟာ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုကောင်းလာဖို့ ဆော်သြလိုက်ပါတယ်။ နောက်ထပ်စစ်ပွဲ ဖြစ်ပွားခဲ့ရင် ကိုရီးယားကျွန်းဆွယ်မှာ ကြီးမားတဲ့ နျူကလီးယား ကပ်ဘေး ဖြစ်ပွားစေမှာဖြစ်ပြီး အမေရိကန်ကိုလည်း အဲဒီကပ်ဘေး ထိလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

၁၉၅၀- ၅၃ ကိုရီးယားစစ်ပွဲအပြီး အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ် မချုပ်ဆိုခဲ့တဲ့အတွက် သဘောတရားအရ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ စစ်ပွဲ ဖြစ်ပွားနေဆဲပါ။ အမေရိကန်ကတော့ တောင်ကိုရီးယားနဲ့ ပူးတွဲ ကာကွယ်ရေးအတွက် စစ်သည် ၂၈၅၀၀ ဦးကို တောင်ကိုရီးယား နိုင်ငံတွင်း တပ်ချထားပါတယ်။

DVB Burmese