ရိုးရာ ယဉ်ကျေးမှု ပျောက်ကွယ် သွားမည်ကို စိုးရိမ် နေကြသည့် ကယန်း လူမျိုးများ

ပို့စ်တင်ချိန် - 1/08/2014 03:50:00 PM



ကယန်း(ပဒေါင်) လူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုဖြစ်သည့် လည်ပင်းကြေးကွင်း ဝတ်ခြင်း အလေ့အထသည် ဝတ်ဆင်သူ နည်းပါးလာသည့်အတွက် အနာဂတ်တွင် ပျောက်ကွယ် သွားမည်ကို စိုးရိမ်မိသည်ဟု လွိုင်ကော် အခြေစိုက် ကယန်း အမျိုးသမီးအဖွဲ့မှ အတွင်းရေးမှူး (၂) မမူအန်းဂျေလာက ပြောသည်။ ယနေ့ခေတ် ကယန်း (ပဒေါင်) လူမျိုး အမျိုးသမီး များသည် လည်ပင်းကြေးကွင်း ဝတ်ဆင်ခြင်းကြောင့် နေထိုင်ရ ခက်ခဲခြင်း၊ လည်ပင်း ရှည်ထွက်ပြီး လည်တိုင်အလှပျက် စေသောကြောင့် ဝတ်ဆင်သူ နည်းပါး လာကြသည်။

''ကြေးကွင်း ဝတ်ထားရင် နေရတာ အရမ်း ပင်ပန်းတယ်။ ထိုင်ရင်လည်း ကွေးထိုင်လို့ မရဘူး။ ဖြောင့်ဖြောင့်ပဲ ထိုင်ရတာ။ ဒါဝတ်ထားရင် အလုပ်လုပ် ရတာလည်း အဆင်မပြေဘူး။ ချွတ်ရ တပ်ရလည်း ခက်တယ်။ အဓိက ကတော့ လည်ပင်းရှည်လာတယ်။ အလှပျက်တယ် ဆိုပြီး ဝတ်တဲ့သူ နည်းလာတယ်။''ဟု ကယန်း (ပဒေါင်) လူမျိုးဖြစ်သူ မမူအန်း ဂျေလာက ပြောသည်။

ကယန်း(ပဒေါင်) လူမျိုးများသည် အသက် ခုနစ်နှစ်အရွယ်တွင် ကြေးကွင်း ၁ဝကွင်း စတင် ဝတ်ဆင်ကာ ငါးနှစ်သို့မဟုတ် ဆယ်နှစ်လျှင် တစ်ကြိမ် ကြေးကွင်းများကို ထပ်တိုး ဝတ်ဆင်လေ့ရှိပြီး အများဆုံး ၂၄ကွင်းအထိ ဝတ်ဆင်ကြသည်။ အဆိုပါ ကြေးကွင်းများကို ရှေးယခင်က ရွှေဖြင့် ပြုလုပ်ကြသော်လည်း ယခုခေတ်တွင် ငွေကြေး မတတ်နိုင် ကြသောကြောင့် ကြေးနှင့် ခဲများကိုသာ အသုံးပြု လာကြသည်ဟု ကယန်း (ပဒေါင်) လူမျိုးများထံမှ သိရသည်။

''အသက်ကြီးတဲ့ လူတွေပဲ ရိုးရာ ဓလေ့ ထိန်းသိမ်းတဲ့ အနေနဲ့ ဝတ်ကြတော့တယ်။ လူငယ်တွေက သိပ်မဝတ်ကြတော့ဘူး။''ဟု အသက် ၄ဝဝန်းကျင်ရှိ ပဒေါင် အမျိုးသမီးကြီး တစ်ဦးက ပြောသည်။ ကယားပြည်နယ် ဒီးမော့ဆို မြို့နယ် ပန်ပက် ကျေးရွာအနီး ပတ်ဝန်းကျင် ကျေးရွာများနှင့် ကယားပြည်နယ် အနှံ့အပြားရှိ အချို့ ကျေးရွာများ၌ ကြေးကွင်း ဝတ်ဆင်မှုမှာ တိုင်းရင်းသားများ အတွင်း၌ ထက်ဝက်ခန့်သာ ဝတ် ဆင်တော့ကြောင်း သိရသည်။

မင်းဟိန်းထက်
မြ၀တီ