ဆင်းရဲမှု လျော့ကျရေး အရပ်ဘက်အဖွဲ့များ ပါဝင်ရန် အစိုးရ အားပေးမည်

ပို့စ်တင်ချိန် - 1/08/2014 07:20:00 PM


မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် အသစ် ပြန်လည်ဖွဲ့စည်းထားတဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပိုမို အားကောင်းလာစေဖို့နဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်တွေ မြင့်မားလာစေဖို့ ကူညီပံ့ပိုးပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အစိုးရတခုတည်းရဲ့အားနဲ့ မလုံလောက်ဘဲ ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ အားကိုလည်း ရယူပြီး လုပ်ဆောင်မှသာ ရေရှည်ဖွံ့ဖြိုးမှုကို ရရှိမယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ရန်ကုန်မှာ သတင်းမီဒီယာတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ပြောဆိုလိုက်တာပါ။

ဒါကြောင့် မိမိတို့ ၀န်ကြီးဌာနအနေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အကြံဥာဏ် အကူအညီတွေကို ရယူပြီးတော့ ပြည်သူဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ့်အပြင် လိုအပ်တာ တွေကို ပံ့ပိုးပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ဆက်လက် ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလစလို့ ဆောင်ရွက်ခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုက မရရှိခဲ့ပါဘူး။ ဒီအတွက် ဆင်းရဲမွဲတေမှုလုပ်ငန်းကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ပြီးခဲ့တဲ့နှစ် သြဂုတ် ၉ ရက်နေ့က အသစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

ဒီဝန်ကြီးဌာနက ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းကို အကောင်အထည် ဖော်တဲ့နေရာမှာ ကဏ္ဍကြီး ၈ ခုအတွက် focal minister အနေနဲ့ ဦးဆောင်သွားမှာ ဖြစ်ပေမယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ကျေးလက်နေ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ပြေလည်ဖို့နဲ့ စဉ်ဆက်မပြတ် လူမှုဘ၀ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

“အရင်တုန်းက အလုပ်အားလုံးကို အစိုးရက သူလုပ်မှ ဖြစ်မယ်လို့ စတယ်။ အခု အစိုးရသစ်မှာတော့ လုပ်ရင်းနဲ့ ပြောင်းသွားတယ်။ အများပါမှ ရမယ်။ စတက်လာတော့ ကျနော်တို့က စဉ်းစားတယ်။ ဘယ်လိုနည်းနဲ့ ရွှေ့ရမလဲ။ လူမှုလူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ သန်း ၆၀ ပါမှ ရွှေ့လို့ ရမယ်။”

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနဲ့ ပတ်သက်လို့ ၀န်ကြီးဌာနက လာမယ့်၂၀၁၅ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်းအထိ လျော့ချဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

ဒီရည်မှန်းချက်အတိုင်း ပြည့်မီအောင် လုပ်ဆောင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနက ဒုတိယအင်ဂျင်နီယာချုပ် ဦးခန့်ဇော်က အခုလို ပြောပါတယ်။

“ဒီအသစ်ရေးဆွဲတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှာ ဖွံ့ဖြိုးမိတ်ဘက်အဖွဲ့အစည်းတွေ ဖွဲ့မယ်။ ဖွဲ့ပြီးတော့ အဲဒီကနေ ဘဏ္ဍာငွေ အရင်းအမြစ်တွေ ထပ်ရှာမယ်။ ထပ်ရှာပြီးတော့ လိုအပ်နေတဲ့ ဧရိယာတွေမှာ အန်ဂျီအို၊ စီအက်စ်အိုတွေ အားကို သုံးမယ်၊ အလုပ်တွေကို စီမံချက်အသစ်တွေ ထပ်ဆွဲမယ်။ ဘယ်လို စီမံချက်အသစ်တွေ ထပ်ဆွဲမလဲဆိုတော့ အခုဆိုရင် မြစိမ်းရောင် စီမံကိန်း ဆိုပြီးတော့ ကျေးရွာတရွာကို သိန်း ၃၀၀ လောက် စရင်းနှီးမြှုပ်နှံမယ်။ ၀င်ငွေ တက်စေမယ့် စိုက်ပျိုးရေး မွေးမြူရေး အခြေခံတဲ့ လုပ်ငန်းတွေကို ဒေသလိုအပ်ချက်ပေါ်မူတည်ပြီးတော့ စီမံချက်လေးတွေ သူတို့ ဆွဲကြလိမ့်မယ်။”

ဝန်ကြီးဌာနအနေနဲ့ ယခု ဘဏ္ဍာရေးနှစ်မှာဆိုရင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ ၇၅ ဘီလီယံကို ရရှိထားပြီးတော့ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ ရှမ်းပြည်နယ် နမ့်စန်မြို့နယ်တွေမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

ဒါပေမယ့် အစိုးရအနေနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ အားနည်းချက်တွေက ရှိနေလို့ ပီပီပြင်ပြင် လုပ်ဆောင်ဖို့လိုတဲ့အကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက အခုလို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“အဓိကတော့ ကျနော်တို့က လက်ရှိ ကျေးလက်ဒေသမှာ တကယ်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သေးဘူးပေါ့နော်။ လက်ရှိ သွားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အကုန်လုံးက လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေတယ်။ လယ်ယာကဏ္ဍနဲ့ ပတ်သက်ရင်လည်း ပြီးခဲ့တဲ့အပတ်က လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြတဲ့အထဲမှာ နေပြည်တော်တ၀ိုက်တော့ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်သော်လည်း ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်မှာ ရှိနေတဲ့ လယ် ၁၅ သန်းကို ပြုပြင်ပြောင်းလဲမှု လုပ်နိုင်တာ မတွေ့ရသေးဘူး။ အဲဒီတော့ အစိုးရပိုင်း အနေနဲ့ ဒါကို အာရုံစိုက်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုမှာပေါ့။”

သန်း ၆၀ ကျော်ရှိတဲ့ မြန်မာလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေ ဖြစ်ပြီး ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့နေရပါတယ်။
By သိုက်ဇင်
DVB Burmese