ကျောင်းသားများ နိုင်ငံရေးလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပို့စ်တင်ချိန် - 1/08/2014 10:37:00 AM




ကျောင်းသားများ နိုင်ငံရေးမလုပ်ရဟူသော ကန့်သတ်ချက်သည် နိုင်ငံကို ဒီမိုကရေစီမဖြစ်စေချင်သူများ ၏ သဘောထားသာဖြစ်သည့်အတွက် ကျောင်းသားများ နိုင်ငံရေးသိအောင်ကြိုးစားပြီး နိုင်ငံရေးလုပ်ကြ ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်တီးတိန်မြို့တွင် တိုက်တွန်း ပြောဆိုလိုက်သည်။

ဇန်န၀ါရီ ၇ ရက်တွင် တီးတိန်မြို့၌ပြုလုပ်သော လူထုတွေ့ဆုံဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က “ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဘူးဆိုတော့ ဒါ ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ မဖြစ်စေချင်တဲ့ လူတွေက ပြောတဲ့စကားပါ။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ဘူး၊ လူငယ်တွေ နိုင်ငံရေးမလုပ်ဘူးဆိုရင် ကျွန်မတို့ ဒီမိုကရေစီမထွန်းကားနိုင်ပါဘူး။ အဲတော့ ကျွန်မကတော့ အဲဒါကို လုံးဝလုံးဝ ဆန့်ကျင်ပါတယ် လို့ ပြောပါရစေ။ ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြပါ၊ နိုင်ငံရေးသိအောင် ကြိုးစားကြပါ”ဟု တိုက်တွန်း
ပြောဆိုခြင်းဖြစ်သည်။

ကျောင်းသားများ နိုင်ငံရေးမလုပ်ရဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုံးဝသဘောမတူသည့် အပြင် နိုင်ငံရေးနှင့် မည်သူမှ ကင်းကွာမရသောကြောင့် နိုင်ငံရေးကို ကြောက်မနေသင့်ဟုလည်း ဆိုသည်။ နိုင်ငံရေးကို လူတိုင်းသိခွင့်ရှိပြီး လုပ်ပိုင်ခွင့်ရှိသည်ဆိုသည်ကို နားလည်ဖို့လိုသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေးကို ကြောက်လို့မဖြစ်ဘူးနော်။ နိုင်ငံရေးကို ကြောက်အောင်လို့ ကျွန် မတို့ကို ခေါင်းထဲကို ရိုက်သွင်းထားတာဟာ တော်တော်နှစ်ပေါင်းများစွာ ရှိပါပြီ။ ဒါပေမဲ့ အဲဒီ အတွေးအ ခေါ်တွေကို ခေါင်းထဲက ပြန်ထုတ်ရမယ်။ နိုင်ငံရေးဆိုတာ ကြောက်စရာမဟုတ်ဘူး။ လူတိုင်းလူတိုင်းနဲ့ ဆိုင်တယ်”ဟု တီးတိန်မြို့သို့အသွား ဇိုနွမ်းဇန်ရွာတွင် အရှင်ဆန္ဒာဓိကလှူဒါန်းသော မူလတန်း (လွန်) ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ် တီးတိန်မြို့ကို ၁၀ နှစ်ကျော်အကြာတွင် ဒုတိယအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံရှင်းလင်းပွဲအနေဖြင့် ဆိုလျှင်တော့ ချင်းပြည်နယ်သို့ လာရောက်ခြင်းမှာ ပထမဆုံးအဖြစ် တောင်ပေါ်တိုင်းရင်းသားဒေသကို လာရောက်ခြင်း လည်းဖြစ်သည်။

ချင်းပြည်နယ်ခရီးစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၆ ရက်တွင် ကလေးမြို့သို့ရောက်ရှိ ပြီး ဇန်န၀ါရီ ၇ ရက် နံနက် ၇ နာရီတွင် ကလေးမြို့မှ တီးတိန်မြို့သို့ ထွက်ခွာလာခြင်း ဖြစ်သည်။ တီးတိန်မြို့သို့အသွား လမ်းတစ်လျှောက်တွင် လမ်းဘေးဝဲယာ လာရောက်ကြိုဆိုကြသော တိုင်းရင်းသားများကို နှုတ်ဆက်၍ လက်ပံချောင်းကျေးရွာတွင် တစ်ကြိမ်၊ ကလေးတက္ကသိုလ်ရှေ့တွင် တစ်ကြိမ် လူထုကို နှုတ် ဆက်စကားပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် ချင်းပြည်နယ်သို့ လာရောက်သောအခါမှာ ကလေးများနှင့် လူငယ်များစွာ တွေ့ရ သည့်အတွက် နိုင်ငံ အနာဂတ်အတွက် လုပ်စရာ အများကြီးရှိပြီး ထိုသို့ လုပ်နိုင်မှသာ နိုင်ငံ အနာဂတ် ကောင်းမည်ဖြစ်သည်ဟု ထည့်သွင်းပြောကြားသည်။ ထို့ပြင် ကလေးတက္ကသိုလ်ရှေ့တွင် လူငယ်များအား ဘ၀ကို ပျက်စီးစေမည့် မူးယစ်ဆေးဝါးများကို ရှောင်ရန်နှင့် အကယ်၍ စပြီးသုံးနေပြီဆိုလျှင်လည်း အမြန်ဆုံးဖြတ်ရန် မေတ္တာရပ်ခံချင်ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ချင်းပြည်သို့ရောက်ရာတွင် ချင်းဒေသခံဘာသာစကား မပြောနိုင်သည့်အတွက် နားမလည်သူများအားလည်း တောင်းပန်စကား ပြောကြားခဲ့သေးသည်။

“ကျွန်မတို့ဟာ ပြောတဲ့ဘာသာစကားတွေ မတူပေမယ့် စိတ်နှလုံးသားချင်းဟာ တူတယ်ဆိုရင် ကျွန်မတို့ နိုင်ငံအတွက် အများကြီးကောင်းတဲ့အလုပ်တွေ အတူလုပ်နိုင်မှာပါ။ မေတ္တာကိုအခြေခံပြီးတော့ ကျွန်မတို့ လုပ်ရပါမယ်”ဟု ဆိုသည်။

Mizzima Burmese