ဆရာ၊ ဆရာမဖြစ်လိုသူ လျော့နည်းလာသလို အများပြည်သူလေးစားကြည်ညိုခံရမှု လျော့ကျလာ

ပို့စ်တင်ချိန် - 12/22/2013 06:30:00 AM


မျိုးဆက်သစ်လူငယ်များသည် ဆရာ၊ ဆရာမအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုစိတ် လျော့နည်း လာသလို ဆရာ၊ ဆရာမများသည်လည်းအများပြည်သူ၏ လေးစားကြည်ညိုခံရမှု ယုတ်လျော့လာနေ ကြောင်း နိုင်ငံတကာပညာရေး (EI) အဖွဲ့အစည်း၏ ဒေသအတွင်းပူးပေါင်းဆောင်ရွက်မှုအရာရှိ မစ္စရှာ ရှီဘလာဆိုင်းက ပြောသည်။

ပညာရေးမူဝါဒပြုပြင် ပြောင်းလဲမှုနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် သုံးရက်ကြာကျင်းပသောအဆင့်မြင့်နှင့် အခြေခံဆရာ၊ ဆရာမများတွေ့ဆုံဆွေးနွေးပွဲ တွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

"လူငယ်တွေဟာ ဆရာ၊ ဆရာမအလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းလိုစိတ် လျော့နည်းလာပါ တယ်။ လွန်ခဲ့တဲ့နှစ်ပိုင်းကို ကြည့်မယ်ဆိုရင်လည်းဆရာ၊ ဆရာမတွေအနေနဲ့ အများပြည်သူရဲ့ ကြည် ညိုလေးစားခံရမှု ယုတ်လျှော့လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ယူနက်စ်စကိုရဲ့ ကမ္ဘာလုံးဆိုင် ရာလေ့လာဆန်းစစ်မှုနဲ့ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာတွေကို လေ့လာကြည့်မယ်ဆိုရင် တကယ်ကို ကြောက်စရာကောင်းတဲ့အချက်တွေကို တွေ့ရမှာဖြစ်ပါတယ်" ဟု မစ္စရှာရီဘလာဆိုင်းကပြောသည်။

မြန်မာနိုင်ငံတွင်လည်း ဆရာ၊ ဆရာမအရေအတွက် လိုအပ်ချက်မြင့်မားနေပြီး အထူးသဖြင့်ဆရာအ ဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသူဦးရေ သိသိသာသာလျော့နည်းနေခြင်းသည် ကြီးမားသောစိတ် ခေါ်မှုဖြစ်နေသည်။

"ကလေးသူငယ်တွေကို သင်ကြားတဲ့ဆရာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတာတွေ့ရသလို သူတို့အတွက် သင်ကြားမှုအထောက်အကူပြု သင်တန်းပေးမှုတွေ အားနည်းနေတာတွေ့ရပါတယ်။ နောက်ပညာရေးနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ တည်ဆောက်မှုမှာ အားနည်းမှုတွေသိရပါတယ်။ အဲဒီအချက်တွေက ဆရာ၊ ဆရာမဖြစ်လိုမှုကို ယုတ်လျော့စေသလို ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အင်မတန်ဆိုးရွားမှု ဖြစ်ပါတယ်" ဟု၎င်းကဆိုသည်။

နိုင်ငံတကာ ပညာရေး (EI) အဖွဲ့အစည်းအနေဖြင့် လူသားအားလုံးကောင်းမွန်သော ပညာရေးစနစ် ဖြင့် သင်ယူခွင့်ရရေးဖြစ်သလို ပညာရေးစနစ်အတွင်းရှိ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းအား လုံးသည် ကောင်းမွန်သော လူနေမှုအဆင့်အတန်း ရရှိရေးတို့ဖြစ်ကြောင်း မစ္စရှာရှီဘလာဆိုင်းက ပြောသည်။
7 Day News Journal