အမေရိကန် ပြည်ထောင်စုတွင် သေစေနိုင်သည့် ဝက်ဗိုင်းရပ်စ်ပိုး ပြည်နယ်ပေါင်း ၂ဝ ထိ ကူးစက်ပျံ့နှံ့

ပို့စ်တင်ချိန် - 12/22/2013 07:36:00 PM


ဝါရှင်တန် ဒီဇင်ဘာ ၂၂

အမေရိကန် ပြည်ထောင်စုတွင် သေစေနိုင်သော ဝက်ဗိုင်းရပ်စ်ပိုး တစ်မျိုး ကူးစက်မှု ပျံ့နှံ့လျက်ရှိပြီး ယခုအခါတွင် အဆိုပါ ရောဂါပိုး ကူးစက်မှုသည် ပြည်နယ်ပေါင်း ၂ဝ ထိ ပျံ့နှံ့လာပြီ ဖြစ်ကြောင်း အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာနက ယခု သီတင်းပတ်အတွင်း ထုတ်ဖော် ပြောကြားခဲ့သည်။

The Porcine Epidermic Diarrhera Virus(PEDv) အမည်ရှိ အဆိုပါ ဗိုင်းရပ်စ်ပိုး တစ်မျိုး အမေရိကန် ပြည်ထောင်စုတွင် ကူးစက် ပျံ့နှံ့မှုများ ဖြစ်ပေါ်နေစဉ်တွင် မြောက်အမေရိက နိုင်ငံများတွင် ယင်းကဲ့သို့ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှင့် စပ်လျဉ်း၍ သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။

အဆိုပါ ဗိုင်းရပ်စ်ပိုးသည် အမေရိကန် ပြည်ထောင်စုတွင် ကူးစက် ပျံ့နှံ့လျက် ရှိသောကြောင့် ၎င်းနိုင်ငံ ရှိ ဝက်ရောင်းဝယ်ရေး လုပ်ငန်းများ သည် လာမည့် နွေဦးနှင့် နွေရာသီကာလများ၌ သိသိသာသာ ကျဆင်းသွားမည်ကို စိုးရိမ်ပူပန်လျက် ရှိကြောင်း သိရသည်။

PEDv ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် ဝက်များသည် ဝမ်းသွား ခြင်း၊ အော့အန်ခြင်းနှင့် ရေဓာတ် ခန်းခြောက်ခြင်းများကို ခံစားရပြီး ၎င်းရောဂါပိုးသည် အရွယ်ရောက်ပြီး ဝက်များကို သေစေနိုင်ခြင်း မရှိသော်လည်း ဝက်ပေါက်လေးများကို သေစေနိုင်ကြောင်း ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရပ်ဌာနမှ ရောဂါဗေဒ ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။

အမေရိကန် ပြည်ထောင်စုတွင် ဝက်မွေးမြူရေး ခြံများမှ ရောဂါပိုး ကူးစက်ခံရသည့် ဝက်ပေါက်လေးများ သေဆုံးမှုသည် ၅ဝ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ပြီး ၁ဝဝ ရာခိုင်နှုန်း အထိ မြင့်တက်နိုင်ဖွယ်ရှိကြောင်း တိရစ္ဆာန် ဆရာဝန်များနှင့် သိပ္ပံပညာရှင် များ၏ လေ့လာချက်များ အရ သိရသည်။
မြ၀တီ