မြို့ပတ်အဲကွန်းရထား ခရီးစဉ်တစ်လျှောက် ဘူတာများအားလုံးတွင် ရပ်တန့်မည်

ပို့စ်တင်ချိန် - 12/24/2013 04:38:00 PM


အောက်တိုဘာ ၅ ရက်က စတင်ပြေးဆွဲခဲ့သော ရန်ကုန်မြို့ပတ် အဲကွန်းရထား RBE အဆင့်မြင့် တွဲဆိုင်းများအား ရပ်တန့်ဘူတာ ၁၄ ဘူတာတွင် ခရီးစဉ်ခေါက်ရေ ရှစ်ခေါက်ဖြင့် မြန်မာ့မီးရထား လုပ်ငန်းက လက်ရှိ ပြေးဆွဲပေးနေရာမှ ယခုအခါ ခရီးသွားပြည်သူများ၏ တောင်းဆိုချက်များအရ မကြာမီ ကာလအတွင်း ရန်ကုန်မြို့ပတ် အဲကွန်းရထား ပြေးဆွဲပေးနေသော ခရီးစဉ်တစ်လျှောက်ရှိ ဘူတာများ အားလုံးတွင် ရပ်တန့် ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ သိရသည်။ ထို့အပြင် မြို့ပတ်ခရီးစဉ်များအတွင်း မြစ်ငယ် (လူစီးတွဲနှင့် ကုန်တွဲစက်ရုံ)မှ အသစ်တည်ဆောက်ထားသော လူစီးတွဲ ခြောက်တွဲပါ တွဲဆိုင်းသစ်အား မြို့ပတ် ခရီးစဉ်များအတွင်း လက်ရှိ ပြေးဆွဲပေးနေရာမှ မကြာမီကာလအတွင်း မြို့ပတ်လမ်း ခရီးစဉ် အသစ်တစ်ခု၌ အဆိုပါ မြစ်ငယ် (လူစီးတွဲနှင့် ကုန်တွဲစက်ရုံ)မှ အသစ်တည်ဆောက်ထားသော လူစီးတွဲခြောက်တွဲပါ တွဲဆိုင်း သစ်တစ်ခုဖြင့် ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးစဉ် လမ်းကြောင်းများနှင့် ရပ်တန့်ပေးသွားမည့် ခရီးစဉ် ဘူတာများအား မကြာမီ ကာလအတွင်း အများပြည်သူများအတွက် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိ မြန်မာ့မီးရထားလုပ်ငန်းမှ မြို့ပတ်ရထားစီး ခရီးသည်ဦးရေ တိုးတက် များပြားလျက် ရှိနေကြပြီး မြို့ပတ်ရထား ခရီးစဉ် အကွာအဝေး အချိန်မှာ ၂ နာရီ မိနစ် ၅ဝ ကြာမြင့်ကြောင်း သိရသည်။ အဆိုပါ အကောင်အထည်ဖော် စီမံဆောင်ရွက်ချက်များမှာ ယာဉ်ကြောပိတ်ဆို့မှုများကို နိစ္စဓူဝ ကြုံတွေ့နေကြရသော အများပြည်သူများအတွက် မြန်မာ့မီးရထားလုပ်ငန်းမှ ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ စုံစမ်းသိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
DVB Burmese