မင်းပြားမြို့နယ်မှ ပျောက်ဆုံး အမျိုးသမီး (၆) ဦး မိဘများလက်သို့ ပြန်လည် လွဲပြောင်ပေး

ပို့စ်တင်ချိန် - 12/24/2013 08:55:00 AM


(နိရဉ္စရာ- ၂၂ ဒီဇင်ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးရွာအချို့မှ အလုပ် လုပ်ရင်း ပျောက်ဆုံးသွားခဲ့သည့် အမျိုးသမီးငယ် (၆) ဦးအား မင်းပြားရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ မိဘများထံသို့ ယမန်နေ့က လွှဲပြောင်း အပ်နှံလိုက်သည်ဟု  သတင်း ရရှိသည်။

၎င်းအမျိုးသမီးငယ် (၆) ဦးအား မင်းပြားမြို့ပေါ် ရပ်ကွက် အချို့မှ အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင် ရဲတပ်ဖွဲ့မှ လွှဲပြောင်း ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ဦးဝင်းကျော်က ပြောကြားသည်။

“ မနေ့ကည နေ့လယ် ၁၂ နာရီမှာ မင်းပြားရဲ စခန်းကို ရောက်ပါတယ်။ တစ်ဦးချင်းစီကို ရဲက စစ်ဆေးချက်တွေ ယူပါတယ်။ ညနေပိုင်း ၅ နာရီခန့်မှာ မိဘ ဖြစ်သူတွေထံကို လွှဲပြောင်း ပေးအပ်ပါတယ်။ အဲဒီ အမျိုးသမီးငယ် တွေကို လွှဲပြောင်းတာမှန်ကန်ကြောင်း မင်းပြားမြို့ပေါ် အလယ်ပိုင်း၊ အောက်ရွာပိုင်းရွာနဲ့ ဈေးဟောင်းပိုင်းက ရပ်ကွက် အုပ်ရေးမှူးတွေက အသိသက်စေ အဖြစ် လက်မှတ်ရေးထိုးပြီး လွှဲပြောင်း လိုက်တာပါ” ဟု ယင်းက ဆိုသည်။

မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာ၊ ပြားရှည်ပြင်ရွာနှင့် ခွဆုံရွာတို့မှ  မချိုချိုဝင်း (၁၇) နှစ် ၊ မဌေးဌေးးသန်း( ၂၂) နှစ်၊ မသင်းသင်းစိုး( ၁၅) နှစ်၊ မစိုးစိုး (၂၂) နှစ် ၊ မလှဖြူ (၁၄) နှစ်၊ မလုံးလုံး (၂၃) နှစ် တို့ သည် မြေပုံမြို့နယ်ရှိ လမ်းလုပ်ငန်းခွင် တစ်ခုမှ အလုပ် လုပ်နေစဉ် ယခုလဆန်းပိုင်းက ပျောက်ဆုံးသွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် သူမတို့ (၆) ဦးအား တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

“ သူတို့ကို မိဘတွေ မသိဘဲနဲ့ ခေါ်ယူသွားတာက အေဘီစီ ဆောက်လုပ်ရေး ကုမ္ပဏီ ၀န်ထမ်းတွေ ဖြစ်ကြတဲ့ ကိုထိန်လင်းနဲ့ ကိုရာဇာတို့ ဖြစ်ကြပါတယ်။ သူတို့ကို တနင်္သာရီတိုင်းမှာ အလုပ် လုပ်ဖို့ ခေါ်သွားတယ်လို့ သိရပါတယ်။ ခေါ်သွားတဲ့ သူတွေကို တရားစွဲ မစွဲဆိုတာကတော့ မနက်ဖြန်မှ သိရမယ်။ မိဘတွေက သမီးဖြစ်သူတွေကို မေးမြန်းပြီး ကျေနပ်မူ ရှိတယ်ဆိုရင် တရားမစွဲဘူး။ မကျေနပ်ရင် တရားစွဲမယ်” ဟု သူက ဆက်လက် ရှင်းပြ ပြောဆိုသည်။

မင်းပြား ရဲစခန်းတွင် တာဝန်ရှိ ရဲအရာရှိမှ နောက်နောင် ယခုကဲ့သို့  ဥပဒေနှင့် မညီဘဲ သွားလာ ခေါ်ဆောင်မူများ မပြုလုပ်ကြရန်နှင့် ယခုလုပ်ရပ်နှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ မည်သို့ ရှိသည်ကို ရှင်းပြ ပြောဆိုမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုအခါ ၎င်းအမျိုးသမီးငယ်များမှာ နေရပ်ကျေးရွာ အသီးသီးသို့ မိဘများနှင့် အတူ ရောက်ရှိသွားခဲ့ပြီဟု သိရသည်။
Burmesenews narinjara