ထိုင်း အတိုက်အခံ ဒီမိုကရက်ပါတီ ရွေးကောက်ပွဲကို သပိတ်မှောက်

ပို့စ်တင်ချိန် - 12/24/2013 04:35:00 PM


ထိုင်းနိုင်ငံရဲ့ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီက ဖေဖော်ဝါရီ ၂ ရက် အထွေထွေ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ထပ်ပြီး အတည်ပြုပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ကတော့ တခြား နိုင်ငံရေးအုပ်စုတွေက သူတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေကို စတင် မှတ်ပုံတင်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်မပြီးမချင်း အထွေထွေ ရွေးကောက်ပွဲတွေကို ရပ်ဆိုင်းထားသင့်တယ်လို့ ဒီမိုကရက်ပါတီရဲ့ခေါင်းဆောင် အဘီဆစ် ဝေ့ချာချီဝက ပြောပါတယ်။
ဒီမိုကရက်ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ရှောင်ချင်လို့ဆိုတဲ့ စကားကိုလည်း သူက ငြင်းဆိုပါတယ်။

“ပွေထိုင်းပါတီဟာ ခါတိုင်းလို မဲတွေ အများကြီးရမယ်လို့ မထင်ပါဘူး။ ပြည်သူတွေက သူတို့ အဆိုတင်သွင်းတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို မကျေနပ်ကြဘူး။ ဒီမိုကရက်ပါတီမှာတော့ ထောက်ခံမှုနှုန်းတွေ မြင့်လာနေတယ်” လို့ အဘီဆစ်က ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲကို နှောင့်ယှက်ချင်လို့ ခုလို သပိတ် မှောက်တာဆိုတဲ့ စွပ်စွဲချက်ကိုတော့ ဒီလို နည်းလမ်းနဲ့ ရပ်တည်နေတဲ့ ပါတီမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

“ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ဘူး၊ ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး” လို့ ထပ်ပြောပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင်ဟောင်းနဲ့ ဒုဝန်ကြီးချုပ်ဟောင်း ဆူသက် သောင်ဆုဘန်ကတော့ မစ္စစ် ယင်းလပ် ရှင်နာဝပ်ထရာ ကိုယ်တိုင် လက်ရှိ ၀န်ကြီးချုပ်ရာထူးက မနုတ်ထွက်ခဲ့ရင် ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ပြောပါတယ်။

လက်ရှိ ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ်ကတော့ ဆူသက်ဟာ ဒီမိုကရက်ပါတီနဲ့ လတ်တလော ဆက်ဆံရေး မရှိဘူးလို့ အတည်ပြု ပြောဆိုပါတယ်။

ဆန္ဒပြပွဲကို ခေါင်းဆောင်ဖို့ ဒီမိုကရက်ပါတီရဲ့ လွှတ်တော်အမတ်ရာထူးကနေ နုတ်ထွက်ပြီးပြီ ဖြစ်ကြောင်း ဆူသက်က ကြေညာထားတယ်လို့ အဘီဆစ်က ပြောပါတယ်။
DVB Burmese