ရန်ကုန်မြို့တော် ဇုန်ခွဲခြားမှု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ သဘောမတူ

ပို့စ်တင်ချိန် - 12/24/2013 06:05:00 PM


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်လိုက်တဲ့ မြို့နယ်အလိုက် အဆိုပြုမြေအသုံးချမှုနဲ့ အဆောက်အဦ ဆောက်လုပ်ခွင့် ဇုန် ၁၁ ခု ခွဲခြားသတ်မှတ်တာကို ဆောက်လုပ်ငန်းရေး လုပ်ငန်းရှင်များအသင်းက လက်မခံဘူးလို့ အသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းရုံးမှာ ဒီဇင်ဘာ ၂၁ ရက်က လုပ်တဲ့ အစည်းအဝေးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

စည်ပင်ရဲ့ ဇုန် ၁၁ ခု ခွဲခြားမှု လွှတ်တော်က အတည်ပြုလိုက်ရင် အဆောက်အဦ ဆောက်လုပ်ခွင့်တွေဟာလည်း ဇုန်အလိုက် ကွာခြားသွားမှာ ဖြစ်ကြောင်း၊ တချို့ မြေပိုင်ရှင်တွေဟာ သူတို့ပိုင်မြေပေါ်မှာ အထပ်မြင့် အဆောက်အဦ ဆောက်လုပ်ခွင့်ရတော့မှာ မဟုတ်သလို ဆောင်လုပ်ရေး လုပ်ငန်းရှင်တွေလည်း နစ်နာမယ့်အကြောင်း သူက ပြောပါတယ်။

ဒီအတွက် ဇုန်ခွဲခြားမှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က ပြင်ဆင် ဖြည့်စွက်ချက်တွေ တင်ပြသွားမယ်လို့ ဆိုပါတယ်။

မြို့ပြမြေ အသုံးချမှု ဇုန်ခွဲခြားတဲ့ အစီအစဉ်ကို ရန်ကုန်စည်ပင်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး အစီအစဉ် (ဂျိုက်ကာ)နဲ့ ဗိသုကာပညာရှင်တွေ ပူးပေါင်း ရေးဆွဲထားခဲ့ကြတာ ဖြစ်ပါတယ်။
DVB Burmese