ဘင်္ဂလာဒေခ်ျ့မှ အိမ်ထောင်စု (၉) ခု ချင်းပြည်နယ်ကို ကျော်ဖြတ်ပြီး ရခိုင်ပြည်နယ်ထဲ ၀င်ရောက်ခိုလုံ

ပို့စ်တင်ချိန် - 12/24/2013 10:02:00 AM

ယခင်က ၀င်ရောက်လာသူများအတွက် ယခုလို အကူအညီများကို ရှာဖွေခဲ့ကြသည်။

(နိရဉ္စရာ- ၂၃ ဒီဇင်ဘာ ၂၀၁၃)

ဘင်္ဂလားဒေခ်ျ့နိုင်ငံ ဘင်ဒရိုဘင် (ရွာတော်) ခရိုင်မှ ရခိုင်မျိုးနွယ်စုဝင် ဗုဒ္ဓဘာသာ မိသားစု (၉) စုသည် ချင်းပြည်နယ်ကို ကျော်ဖြတ်ပြီး ယမန်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သတင်း ရရှိသည်။

ရောက်ရှိလာသူများမှာ စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရိုဘင် ခရိုင် မော်တုတ်ကြီးကျေးရွာမှ ဖြစ်ကြပြီး မိသားစု (၉) ပါဝင်သည်ဟု ကျောက်တော် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်လှမေက နိရဉ္စရာသို့ ပြောသည်။

“  မိသားစုက (၉) စု လူဦးရေက ၃၈ ယောက်ပါ။ အဲဒီအထဲမှာ အမျိုးသားက ၂၀ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက် ပါဝင်တယ်” ဟု ၎င်းက ဆိုသည်။

သူတို့သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လုံခြုံရေး အခက်အခဲနှင့် စားဝတ်နေရေး အကျပ်အတည်းတို့ကြောင့် မြန်မာဘက်သို့ ခိုလုံရန် ၀င်ရောက်လာကြခြင်း ဖြစ်သည်ဟု ပြောသည်။

“ ကျွန်မတို့က သူတို့ကို အစားအသောက်တွေ ကူညီပေးနေပါတယ်။ သူတို့ကို မေးကြည့်တော့ ဘင်္ဂလာဒေခ်ျ့မှာ သူတို့အတွက် ဘ၀လုံခြုံမူ မရှိဘူးလို့ ပြောပါတယ်။ နောက်တစ်ခုက စားဝတ်နေရေး အကျပ်အတည်းတွေကြောင့်  ခုလို မိမိလူမျိုးတွေ နေထိုင်ရာ မြန်မာဘက်ကို ခိုလုံဖို့ ၀င်ရောက်လာကြတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်” ဟု သူမက ဆိုသည်။

ယခု ၀င်ရောက်လာသူများအား သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ ကျောက်တော်မြို့ပေါ်ရှိ မြို့မရွှေကျောင်းတွင် နေရာချထားကြောင်း သိရသည်။ သူတို့အား ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျောက်တော်မှ တဆင့် စက်လှေဖြင့် ဘူးသီးတောင်- မောင်တောမြို့နယ်ဘက်သို့ ပို့ဆောင်မည်ဟု သိရသည်။

နောက်ထပ်လည်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ဗုဒ္ဓဘာသာဝင်များသည်  မြန်မာဘက်သို့ ထွက်ခွာလာနေကြသည်ဟု သတင်းများ ရရှိသည်။
Burmesenews narinjara