မိခင်ဘာသာစကားအခြေပြု ပညာရေးဆွေးနွေးပွဲမှ အချက်အလက်များထုတ်ပြန်

ပို့စ်တင်ချိန် - 2/03/2014 04:50:00 PM


ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)က စီစဉ်၍ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက် နှင့် ဖေဖော်ဝါရီ ၁ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေး ဆွေးနွေးပွဲမှ အချက်အလက်များကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားကလေးများ ပညာသင်ယူမှုတွင် ထိရောက်မှု ရှိစေရန်နှင့်
ဘဝနေထိုင်မှု မြင့်မားစေရန်အတွက် ကလေးများ၏ မိခင်ဘာသာစကားကို သင်ကြားရေး မဏ္ဍိုင်အဖြစ်
ထားရှိပြီး နိုင်ငံသုံးနှင့် နိုင်ငံတကာသုံး ဘာသာစကားများကိုလည်း ကျွမ်းကျင်တတ်မြောက်စေရန်အတွက်
သင့်တင့်စွာသင်ကြားရန် ယင်းဆွေးနွေးပွဲတွင် နားလည်မှုရရှိခဲ့ကြောင်း သိရသည်။

“မိခင်ဘာသာစကား ဆိုတာကို ပညာရေးဘက်က ပြောရရင် ကလေးတစ်ယောက် ငယ်စဉ်ကတည်းက ကျွမ်းကျင်လာတဲ့ စကားကို ဆိုလိုတာပါ၊ ကျွန်တော်တို့ရဲ့ ပညာရေး ရည်ရွယ်ချက်က ကလေးတစ်ယောက် ကျောင်းနေတဲ့အခါ သူကျွမ်းကျင်တဲ့ဘာသာနဲ့ စတင်သင်ကြားခွင့် ရှိဖို့ပါ”ဟု NNER မှ ဒေါက်တာသိန်းလွင်က ပြောကြားသည်။

အဖွဲ့အစည်း အသီးသီးမှ လူဦးရေ ငါးရာကျော် တတ်ရောက်ခဲ့သည့် ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိပညာရေး စနစ်တွင် မိခင်ဘာသာစကား မဟုတ်သော ဗမာစကားဖြင့် ပညာသင်ယူနေရသော ကလေးများ  ရင်ဆိုင်နေရသည့် သင်ယူမှုဆိုင်ရာ အခက်အခဲများ အပါအဝင် အချက်(၅)ခုကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲ တတ်ရောက်ခဲ့သူ ဆလိုင်းဂျင်မီရေဇာဘွေ က “အစိုးရဘက်က မေးလာတဲ့ တချို့မေးခွန်းတွေမှာ တိုင်းရင်းသားတွေဘက်က ဘယ်လောက်အဆင်သင့် ဖြစ်ပြီလဲဆိုတာမျိုး ခွဲခြားတဲ့ စကားလုံး အသုံးအနှုန်းတွေ တွေ့ရတယ်၊  တစ်ဘက်မှာလည်း ကိုယ်ထူကိုယ်ထ တိုင်းရင်းသား အုပ်စုလိုက်က မိခင်စကားဘာသာစကား သင်ကြားရေး လုပ်နေတဲ့အချိန် လက်ရှိအစိုးရအနေနဲ့ ဝိုင်းဝန်းပံ့ပိုးပေးဖို့၊ လမ်းကြောင်းတွေ ဖန်တီးပေးဖို့ အများလိုအပ်ပါတယ်”ဟု ပြောသည်။

ဆွေးနွေးပွဲ တတ်ရောက်လာသူများက မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးဆိုင်ရာ
သုတေသန လုပ်ငန်းများ၊ မူဝါဒနှင့် ဥပဒေဆိုင်ရာများ၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးဆိုင်ရာများ၊
ဘာသာစကားထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ အစိုးရ၊ လွှတ်တော်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ အပါအဝင် ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်ကိုလည်း အကြံပြုခဲ့ကြကြောင်း သိရသည်။

ထက်နောင်နောင်
The Myanma Age