အုန်းဖျန် ဒုက္ခသည်စခန်း မီးလောင်

ပို့စ်တင်ချိန် - 2/03/2014 07:50:00 PM

ဓာတ်ပုံ - Ler Lah Shee ဖေ့စ်ဘွတ်ခ်

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းမှာ ဒီနေ့ မွန်းလွဲပိုင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၁၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်အလုံး ၅၀ ဖျက်လိုက်ရတယ်လို့ စခန်းလုံခြုံရေးဒု-တာဝန်ခံ ဦးကျော်လင်းစိုးက ပြောပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းရဲ့ ဇုန်အေ ရပ်ကွက် ၅ မှာ ကလေးငယ်တဦးက မီးခြစ်ကစားရာကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

 မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိပေမယ့် မီးလောင်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

မီးလောင်မှုကြောင့် အိုးအိမ်မဲ့သွားသူတွေကို စခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကူညီပေးနေတယ်လို့ ပြောပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခု ဖေဖော်ဝါရီကလည်း မီးလောင်ခဲ့ဖူးပြီး ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ် တပ်ခ်ခရိုင်မှာ တည်ရှိပြီး ဒုက္ခသည်စခန်း ၁၀ ခုအနက် မယ်လဒုက္ခသည်စခန်းပြီးရင် ဒုတိယမြောက် လူဦးရေအများဆုံး စခန်းဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တွေကို အစားအစာနဲ့ တခြား လူမှုရေးအကူအညီတွေ ပံ့ပိုးပေးနေတဲ့ တီဘီဘီစီအဖွဲ့ရဲ့ စာရင်းအရ ဒုက္ခသည် ၁၇,၀၀၀ ကျော်​ ရှိတယ်လို့ သိရပါတယ်။

DVB Burmese