သီရိလင်္ကာ ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရဟု အမေရိကန်ဆို

ပို့စ်တင်ချိန် - 2/03/2014 10:30:00 PM


ကိုလံဘို၊ ဖေဖော်ဝါရီ ၂

သီရိလင်္ကာ ပြည်တွင်းစစ် ပြီးဆုံးပြီး နောက်ငါးနှစ်တာ ကာလ အကြာတွင် နိုင်ငံ၏ ဒီမိုကရေစီနှင့် အခွင့်အရေးမှာ ခြိမ်းခြောက် ခံနေရသည်ဟု အမေရိကန်ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့က သုံးသပ်သွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား ပြန်လည် သင့်မြတ်မှု၊ တရားမျှတမှု၊ တာဝန်ခံမှုများ ရရှိအောင် သီရိလင်္ကာ အစိုးရအဖွဲ့က လုပ်ဆောင်ခြင်း မရှိကြောင်း နိုင်ငံခြား စုံစမ်း စစ်ဆေးမှုများ ပေါ်ပေါက်လာအောင် တွန်းအားပေးမှုများ ပေါ်ပေါက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တောင်နှင့်ဗဟို အာရှ လက်ထောက် ဝန်ကြီး နစ်ရှာဘစ်ဝယ်က ပြောကြားသည်။

“သီရိလင်္ကာမှာ တိုးတက်မှုတွေ ကင်းမဲ့လို့ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ စိတ်ပျက်ပြီး အဆိုးမြင်နေကြပါပြီ” ဟု သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိနေသော လက်ထောက် ဝန်ကြီး နစ်ရှာက ပြောကြားသည်။

စစ်ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းစစ် နောက်ဆုံးကာလ ၂၀၀၉ ခုနှစ်ပိုင်းတွင် အရပ်သား ထောင်ပေါင်းများစွာကို အစိုးရ တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း သတင်းများ ပေါ်ထွက်နေခြင်းကို ပြည်တွင်း စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အမေရိကန် ပြည်ထောင်စုက လိုလားကြောင်း ၎င်းက ထုတ်ဖော် ပြောကြားလိုက်သည်။

“အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းရဲ့ သည်းခံနိုင်မှုက တဖြည်းဖြည်း ပါးပါးလာပါပြီ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထို့အပြင် စစ်ရာဇဝတ်မှုများ စုံစမ်း စစ်ဆေးရေးနှင့် ပတ်သက်ပြီး တိုးတက်မှုများ ကင်းမဲ့နေခြင်းကြောင့် ပြည်ပ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ရန် ဖိအားပေး ပြောကြားမှုများ ပေါ်ပေါက်နေကြောင်း အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း သီရိလင်္ကာနိုင်ငံကို သတိပေးလိုက်ပြီး မေလအရောက်တွင် စုံစမ်းမှု ရလဒ်များ မပြသနိုင်ပါက သီးခြား လွတ်လပ်သော စုံစမ်းမှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့ကို တောင်းသွားမည်ဟု နိုဝင်ဘာလအတွင်း သတိပေး ပြောကြား ခဲ့သည်။

ထို့အပြင် သီရိလင်္ကာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်မှု၊ တရားမျှတမှု၊ တာဝန်ခံမှုတို့ အခိုင်အမာ ပေါ်ပေါက်လာစေရန် လာမည့်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် လုပ်ဆောင်သွားမည်ဟု ဝါရှင်တန်က ပြောကြားသည်။

“လူ့အခွင့်အရေး လေးစားမှု၊ ပွင့်လင်း မြင်သာမှုရှိမှု၊ ဒီမိုကရေစီ အုပ်ချုပ်မှု ရှိမှုတွေက အရေးကြီးပါတယ်။ ကံမကောင်းစွာနဲ့ဘဲ သီရိလင်္ကာ ဒီမိုကရေစီမှာ အဲဒီနယ်ပယ်တွေက ဆက်လက် ဆုတ်ယုတ်နေပါတယ်” ဟု အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး နစ်ရှာက ပြောကြားသည်။

ထို့အပြင် သီရိလင်္ကာနိုင်ငံတွင်းရှိ ဘာသာရေး လူနည်းစုများအပေါ် တိုက်ခိုက်မှုများ ပေါ်ပေါက်နေခြင်း၊ အကျင့်ပျက် လာဘ်စားမှုများ ပေါ်ပေါက်နေခြင်းကို စိုးရိမ်မိကြောင်း အမေရိကန် ပြည်ထောင်စုက ပြောကြားသည်။

သီရိလင်္ကာနိုင်ငံ၏ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ပေါ်ပေါက်နေခြင်းကြောင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ သီရိလင်္ကာနိုင်ငံသို့ လာရောက် လည်ပတ်နေပြီး လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့မှာ ဒုတိယမြောက် ရောက်ရှိလာသည့် ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်အတွင်း သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီး ပီရစ်၊ အတိုက်အခံ ခေါင်းဆောင် ရာနီတို့နှင့် တွေ့ဆုံခဲ့သလို ယခင် စစ်မြေပြင်ဟောင်း ဖြစ်သော ဂျက်ဖနာ ကျွန်းဆွယ်သို့ သွားရောက် လည်ပတ်ခဲ့ကာ မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက် ပွဲတွင် အနိုင်ရခဲ့သော တမီး နိုင်ငံရေးသမားများနှင့်လည်း တွေ့ဆုံခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ ဒီမိုကရေစီနှင့် ပတ်သက်ပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ပြင်းပြင်းထန်ထန် မှတ်ချက်ပေး ပြောကြားခဲ့သော်လည်း အစိုးရအဖွဲ့က တရားဝင် တုံ့ပြန် ပြောကြားမှု မပြုလုပ်သေးပေ။

သို့သော်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တာဝန်ခံရေးတို့ ပေါ်ပေါက်လာစေရန် အချိန်ပိုယူရဦးမည်ဟု သီရိလင်္ကာ အစိုးရအဖွဲ့က ယူဆထားကြောင်း အစိုးရ သတင်းရင်းမြစ်များက ပြောကြားသည်။

၃၇ နှစ်တာ ဖြစ်ပွားခဲ့သော တမီးကျား သူပုန်များ၏ တော်လှန် ပုန်ကန်မှုမှာ ၂၀၀၉ ခုနှစ်တွင် လုံးဝ ဖြိုခွင်းခံခဲ့ရပြီး ပြည်တွင်းစစ် နောက်ဆုံးလများတွင် အရပ်သား ၄၀,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ယုံကြည်ရသည့် စွပ်စွဲချက်များ ပေါ်ထွက်လာခြင်းကြောင့် စုံစမ်းစစ်ဆေးပေးရန် ကုလသမဂ္ဂ အဖွဲ့က တောင်းဆိုခဲ့သော်လည်း သီရိလင်္ကာ အစိုးရက ငြင်းဆိုထားသည်။

The Voice Weekly Myanmar