ထိုင်းရောက် မြန်မာတစ်သိန်းကျော် ဗီဇာသက်တမ်းတိုးရန် အခက်တွေ့

ပို့စ်တင်ချိန် - 2/03/2014 09:00:00 AM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဗီဇာ သက်တမ်းကုန် လုပ်သားများကို သက်တမ်း တိုးပေးမှု ကြန့်ကြာနေပြီး ဗီဇာ သက်တမ်းကုန် မြန်မာလုပ်သား တစ်သိန်းကျော် အခက်အခဲ ကြုံတွေ့နေရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောကြားသည်။

ဗီဇာ သက်တမ်းကုန် မြန်မာများသည် ထိုင်းရဲများ၏ ငွေညှစ်မှုများ ကြုံတွေ့နေရပြီး အလုပ်ရှင်များကလည်း ဗီဇာ သက်တမ်းကုန် လုပ်သားများကို (အိုဗာစတေး (တရားမဝင် လုပ်သားများ) အလုပ်ရပ်ဆိုင်းထားပြီး ဗီဇာအသစ် ရရှိပြီးမှသာ အလုပ်ပြန်ဝင်ရန် ပြောဆိုခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်နေရကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပြဿနာများကို အခွင့်ကောင်းယူကာ ပွဲစားများကလည်း ဗီဇာသက်တမ်း ကုန်လုပ်သားများကို ဗီဇာရရှိအောင် လုပ်ဆောင်ပေးမည် ဆိုပြီး ထိုင်းဘတ် ၃၅၀၀ မှ ၅၀၀၀ ဝန်းကျင်အထိ လိမ်လည်မှု များလည်း ကြုံတွေ့နေရကြောင်း ဦးစိန်ဌေးက ပြောဆိုသည်။
“နယ်စပ်ကို သွားဆိုပြီး လိမ်တာတွေရော ဟိုမှာ (ထိုင်းနိုင်ငံအတွင်း) လိမ်တာရော အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ အစိုးရ ဖျက်သိမ်းလိုက်မှုကြောင့် မြန်မာလုပ်သားများ ဗီဇာသက်တမ်း တိုးမှုကိစ္စ နှောင့်နှေးနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်မှ ဒါရိုက်တာ Sompong Srakaew က ပြောကြား ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ မူဝါဒအရ လေးနှစ် အလုပ်လုပ်ကိုင်ပြီးသည့် ရွှေ့ပြောင်း လုပ်သားများသည် မူရင်းနိုင်ငံသို့ သုံးနှစ် ပြန်ပြီးမှ ထိုင်းနိုင်ငံသို့ ထပ်မံ လာရောက် လုပ်ကိုင်ခွင့် ရှိကြောင်း၊ ယင်းကိစ္စကို ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရက ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဆွေးနွေးခဲ့ရာ သုံးနှစ်နေရပ်ပြန်ရေး အစီအစဉ်ကို ဖြေလျှော့ခဲ့သည့်အပြင် ဗီဇာ သက်တမ်းတိုးရန် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ရုံးငါးရုံး ဖွင့်လှစ်ရန်ပါ သဘောတူခဲ့ကြကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံရေး အရှုပ်အထွေး များကြောင့် အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း နှစ်ဖက် ထုတ်ပြန်ထားချက်များအရ သိရသည်။

“ပြီးခဲ့တဲ့ နှစ်လက ယင်းလပ် အစိုးရအဖွဲ့ ဖျက်သိမ်းပြီးတဲ့ နောက်တည်းက ပြည်ပလုပ်သားတွေအတွက် ထိုင်းအစိုးရ ကျင့်သုံးနေတဲ့ မူဝါဒတွေက အရှုပ်အရှင်းတွေ ဖြစ်နေတာပဲ” ဟု Sompong Srakaew က Bangkok Post ကို ပြောဆိုသည်။

ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက မြန်မာ အလုပ်သမားများ အားလုံး ဗီဇာသက်တမ်း ပြည့်ပါက အိမ်ပြန်စရာ မလိုဘဲ သက်တမ်းတိုးကာ အလုပ်လုပ်နိုင်ရန် ပြီးခဲ့သည့်နှစ်က ထိုင်းအစိုးရထံ တင်ခဲ့သော်လည်း အစိုးရအဖွဲ့ကို ရုတ်တရက် ဖျက်သိမ်းလိုက်မှုကြောင့် ယင်းအဆိုမှာ အသက်မဝင်သေးကြောင်း ၎င်းကရှင်းပြသည်။

ဗီဇာသက်တမ်း တိုးပေးရန် ထိုင်းအလုပ်သမားရေးရာ ဥပဒေအချို့ ပြင်ဆင်ရန် လိုအပ်လာသော်လည်း အိမ်စောင့်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အိမ်စောင့်အစိုးရ အနေနှင့် ဥပဒေပြုခွင့်နှင့် ဥပဒေများ ပြင်ဆင် ပြဋ္ဌာန်းခွင့် မရှိသောကြောင့် ယင်းအဆိုမှာ ဆိုင်းငံ့နေခဲ့ခြင်း ဖြစ်သည်။

တရားမဝင် မြန်မာလုပ်သားများကို အထောက်အထား ထုတ်ပေးရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးကာ ၂၀၀၉ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က အထောက်အထား ရရှိသူများမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်း ဖြစ်သည်။

တရားဝင် အထောက်အထား ထုတ်ပေးရေး အစီအစဉ်အရ ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထား ရရှိသူ မြန်မာလုပ်သား ၁ ဒသမ ၇ သန်းကျော် ရှိသည်။

The Voice Weekly