ရွေးကောက်ပွဲကော်မရှင်မှာ တိုင်းရင်းသားခေါင်းဆောင်တွေ ထည့်သွင်းဖွဲ့စည်းဖို့ ညီနောင်တိုင်းရင်းသားပါတီများ တောင်းဆို

ပို့စ်တင်ချိန် - 2/03/2014 06:30:00 AM


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်နယ်တိုင်း ကော်မရှင် အဆင့်ဆင့်မှာ တိုင်းရင်းသားခေါင်းဆောင်များ ထည့်သွင်းဖွဲ့စည်းဖို့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ နေပြည်တော်၊ ရတနာသိင်္ခဟိုတယ်မှာ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက် နှစ်ရက်တာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အချက် ၇ ချက်ပါ ကြေညာချက်တစောင် ထုတ်ပြန် တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲတက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဦးဖေသန်းက ကြေညာချက်ပါ အချက် ၇ ချက်ကို ခုလို ပြောပြပါတယ်။

“လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲကျင်းပဖို့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တိုင်းရင်းသား အသိပညာရှင်များ၊ ခေါင်းဆောင်များ ထည့်သွင်းဖွဲ့စည်းပေးရန် ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် အများပြည်သူ ကြည်ညိုသော ဒေသခံ တိုင်းရင်းသားခေါင်းဆောင်များ ထည့်သွင်းဖွဲ့စည်းရန် တိုက်တွန်းထားပါတယ်။ နောက် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်သည် ရွေးကောက်ခံ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ထဲမှ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ၀န်ကြီး အချို့ကို ရွေးချယ် ခန့်အပ်ရန် တိုက်တွန်းပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်ပေါ်လာရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နောက်ဆက်တွဲဇယား ၁-၂-၃ နှင့် ၅ ကို ပြင်ဆင်ပြအပ်ရန်လိုအပ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များတွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်မှု လျော့ချရန်နဲ့ ယာယီ သက်သေခံ နိုင်ငံသားကတ် ကိုင်ဆောင်ထားသူများ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မဲပေးပိုင်ခွင့် စသည်တို့သည် နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးစေကြောင်းနဲ့ တိုင်းရင်းသား ဘာသာစာပေများ သင်ကြားခွင့်ရရေးနဲ့ အခြား အချက်တွေ ပါဝင်ပါတယ်။”

ရွေးကောက်ပွဲကော်မရှင်တွေမှာ တိုင်းရင်းသားခေါင်းဆောင်တွေ ထည့်သွင်းဖွဲ့စည်းဖို့ နံပတ် ၁ အချက်အနေနဲ့ ဘာလို့ တောင်းဆိုတာလဲလို့ မေးကြည့်တော့ သူက “၂၀၁၅ ရွေးကောက်ပွဲမှာ တကယ့်ကို တရားမျှတပြီးတော့ လွတ်လပ်တဲ့ ကော်မရှင်မျိုး ဖြစ်ဖို့ လိုပါတယ်။ ဒီကော်မရှင်ထဲမှာ တိုင်းရင်းသား ပညာရှင်တွေ၊ ခေါင်းဆောင်တွေ ပါဝင်လာခြင်းအားဖြင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဘက်မလိုက်မှုကို သက်သေပြရာ ရောက်နိုင်ပါတယ်။ လက်ရှိ ကော်မရှင်အနေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ တက်သိပညာရှင်တွေ ပါဝင်မှု အားနည်းတဲ့အတွက် ကော်မရှင်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုတိုးတက် စေချင်လို့ ပိုပြီး ဘက်မလိုက်တဲ့ ကော်မရှင်မျိုးဖြစ်စေချင်လို့ ဒီလို တိုက်တွန်းရတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၁၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကနေ အခုလို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီကြီးများကို ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်း သားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)ကို ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုး သားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ အရှိုချင်း အမျိုးသားပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ‘ဝ’ ဒီမိုကရက်တစ် ပါတီ၊ ‘ဝ’ အမျိုးသား ဖွံ့ဖြိုးရေးစည်းလုံး ညီညွတ်ရေးပါတီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့နဲ့ ဖွဲ့ထားတာဖြစ်ပါတယ်။

DVB Burmese