နိုင်ငံတည်ငြိမ်ရေး အရေးပေါ် လုပ်ဆောင်ရန် ယူကရိန်းသမ္မတကို တပ်မတော် ပထမဆုံးအကြိမ် သတိပေး

ပို့စ်တင်ချိန် - 2/03/2014 12:00:00 AM


ကီယတ်၊ ဖေဖော်ဝါရီ ၁

ယူကရိန်းနိုင်ငံ၌ ဖြစ်ပွားနေသော နိုင်ငံရေး မတည်ငြိမ်မှုများ ဆက်လက် ပြင်းထန်လာပါက နယ်မြေ တည်တံ့ခိုင်မြဲမှုအပေါ် ထိခိုက်လာနိုင်ခြင်းကြောင့် အရေးပေါ် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် သမ္မတ ယာနျူကိုဗစ်ကို ယူကရိန်း တပ်မတော်က ပထမဆုံးအကြိမ် သတိပေးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံရေး ပဋိပက္ခတွင် ဝင်ရောက် ပတ်သက်မည် မဟုတ်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သော်လည်း လက်ရှိတွင် ယူကရိန်း တပ်မတော်၏ မှတ်ချက်ပေး ပြောကြားမှု ပထမဆုံးအကြိမ် ပေါ်ထွက်လာပြီ ဖြစ်သည်။

ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်လက် ဖြစ်ပွားလာပါက နိုင်ငံနယ်မြေ တည်မြဲရေးကို ခြိမ်းခြောက် လာနိုင်ကြောင်း၊ အစိုးရ အဆောက်အအုံများ သိမ်းပိုက်ထားမှုမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးက သတိပေးလိုက်သည်။
“ယူကရိန်း လက်နက်ကိုင် အဖွဲ့ဝင်တွေက ကာကွယ်ရေး ဦးစီးချုပ်ကို ဥပဒေနဲ့အညီ အရေးပေါ် ခြေလှမ်းတွေ လုပ်ဆောင်ဖို့ တောင်းဆိုနေပါတယ်။ နိုင်ငံအခြေအနေ တည်ငြိမ်ရေး၊ လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်မှု ရရှိအောင် လုပ်ဆောင်ရေး တောင်းဆိုနေပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

သို့သော်လည်း ယူကရိန်း ပဋိပက္ခအတွင်း ဝင်ရောက် ပါဝင်ရန် စစ်ဘက်က ကြိုးပမ်းလာမှုကို လွန်စွာစိုးရိမ်မိကြောင်း နေတိုး စစ်အုပ်စု အကြီးအကဲ ဖော့ရတ်မူဆန်က မှတ်ချက်ပေး ပြောကြားလိုက်သည်။
“ယူကရိန်း တပ်မတော်က လေးစားခံရတဲ့ တပ်မတော် တစ်ခုပါ။ မည်သည့် ဘက်ကိုမှမပါဘဲ ဆက်လက်ကြားနေရပါမယ်” ဟု ၎င်းက Twitter တွင် ရေးသား ဖော်ပြလိုက်သည်။

ယူကရိန်းသမ္မတ ယာနျူကိုဗစ်ဘက်တွင် တပ်မတော် ရှိနေသည်ကို စစ်တပ်၏ ထုတ်ပြန်ချက်က ဖော်ပြပေးနေကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ကာရာရော့က ပြောကြားသည်။
“စေ့စပ်ဆွေးနွေးဖို့ လိုနေပြီ ဖြစ်ကြောင်း အတိုက်အခံတွေကို အချက်ပေးလိုက်တာပါ။ သိမ်းပိုက်ထားတဲ့ အဆောက်အအုံတွေကနေ ထွက်ခွာပေးရပါမယ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆန္ဒပြပွဲ များတွင်လည်း မကြာသေးမီက အကြမ်းဖက်မှုများ စတင်ပေါ်ပေါက်ခဲ့ပြီး လူပေါင်းများစွာ ပစ်သတ်ခံခဲ့ရကာ ယူကရိန်း မြို့တော် ကီယက်မှာ စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ယူကရိန်း အစိုးရအဖွဲ့ တစ်ရပ်လုံး ရာထူးမှ နုတ်ထွက်ပြီး ဆန္ဒပြခွင့် တားမြစ်သည့် ဥပဒေကို ပြန်လည် ရုပ်သိမ်းပေးမည်ဟု သမ္မတယာနျူကိုဗစ်က လိုက်လျော ပေးခဲ့သော်လည်း အတိုက်အခံများက ဆန္ဒပြမှုများ ရပ်ဆိုင်းရေးကို ငြင်းဆန်ခဲ့သည်။

သို့သော်လည်း သမ္မတယာနျူကိုဗစ် လုပ်ဆောင်ခဲ့သည့် အချက်များမှာ လိုအပ်သည့် အတိုင်းအတာထိ မရောက်ရှိသေးကြောင်း ဘာလင်မြို့တော်သို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဝေဖန်လိုက်သည်။

ဥရောပသမဂ္ဂနှင့် နိုင်ငံရေး၊ စီးပွားရေးရာအရ ပေါင်းစည်းရေး လမ်းကြောင်းကို ယူကရိန်းသမ္မတက နိုဝင်ဘာလအတွင်း စွန့်ပယ်ခဲ့ပြီး အရှင်သခင်ဟောင်း တစ်ဦးဖြစ်သူ ရုရှားနိုင်ငံနှင့် ပိုမိုပူးပေါင်းရေး လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။

ယင်းအချိန်မှစ၍ ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ပြီး ယူကရိန်းသမ္မတ ယာနျူကိုဗစ် ရာထူးမှ နုတ်ထွက်ပေးရန် ပြည်သူများက ဆန္ဒပြ တောင်းဆိုခဲ့သည်။

ယူကရိန်းနိုင်ငံ၌ လက်ရှိ ဖြစ်ပွားနေသော တော်လှန် ပုန်ကန်မှုများကို မချေမှုန်းနိုင်ပါက သမ္မတ ယာနျူကိုဗစ် ရာထူးမှ ပြုတ်ကျသွားမည်ဟု ရုရှားသမ္မတ ပူတင်၏ စီးပွားရေး အကြံပေးတစ်ဦးဖြစ်သူ ဆာဂျီဂလတ်ရတ်က သတိပေး ပြောကြားလိုက်သည်။

The Voice Weekly