ပြည်တွင်းအခွန်မှ မှားယွင်းထုတ်ပြန်ခြင်းဖြစ်ပြီး AGD ဘဏ်အနေဖြင့် အခွန်ပေးဆောင်ထားကြောင်း ပြည်တွင်းအခွန်နှင့် ပူးတွဲရှင်းလင်း

ပို့စ်တင်ချိန် - 3/12/2014 01:35:00 PM


(AGD ဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းဦးက မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်)
ပြည်တွင်းအခွန်ဦးစီးဌာနက AGD ဘဏ်အပါအ၀င် အခွန်မဆောင်သည့် ကုမ္ပဏီ ၁၀၀၀၀ ကျော်စာရင်းထုတ်ပြန်မှုမှာ ကွန်ပျူတာမှားယွင်းမှုကြောင့် အခွန်ဦးစီးဌာနဘက်မှ စာရင်းမှားယွင်းထုတ်ပြန်ခြင်းသာဖြစ်ပြီး AGD ဘဏ်သည် အခွန်ပေးဆောင်ကြောင်း AGD ဘဏ်နှင့် အခွန်ဦးစီးဌာနတို့ ပူးတွဲရှင်းလင်းသည့် အခမ်းအနားကို မတ် ၁၁ ရက်က ဆူးလေဘုရားလမ်းရှိ AGD ဘဏ်ရုံးချုပ်တွင် ကျင်းပခဲ့သည်။

ရှင်းလင်းပွဲသို့ AGD ဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းဦးနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်ဦးစီးဌာနကုမ္ပဏီများ အခွန်ဆိုင်ရာအခွန်ရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်နှင့် တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

မတ် ၁၁ ရက်ထုတ် The Daily Eleven သတင်းစာတွင်ပါဝင်သည့် AGD ဘဏ်နှင့် Yoma ဘဏ်တို့ ပြည်တွင်းအခွန်ဦးစီးဌာနမှ ထုတ်ပြန်သည့် အခွန်မပေးဆောင်သော ကုမ္ပဏီ ၁၀၀၀၀ ကျော်တွင် ပါဝင်နေသည့် သတင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်းဖြစ်သည်။

"...ဒီသတင်းနဲ့ပတ်သက်ပြီး Eleven မှာပါလာတဲ့အချိန်မှာ အများကြီး အံ့သြရပါတယ်။ ဒါမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ သိထားတယ်။ သိတဲ့အတွက် အခွန်ဦးစီးဌာနကို မေးပါတယ်။ သတင်းစာက အခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရလို့ ဖော်ပြထားလို့ပါ။ အခွန်ကလည်း သေချာရှင်းပြပါတယ်။ အခွန်မဆောင်ရသေးတဲ့ ကုမ္ပဏီတစ်သောင်းဆိုတာ သူတို့ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ကုမ္ပဏီအမည် မှားယွင်းဖော်ပြထားတာ အများကြီးရှိပါတယ်။ အဲဒီလိုမှားယွင်းတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့မှ မဟုတ်ပါဘူး။ ကွန်ပျူတာ Error ကြောင့် အများကြီး မှားယွင်းဖော်ပြမိတာ။ အဲဒီလိုမှားယွင်းလို့ သူတို့ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားပြီးဖြစ်တယ်လို့ ကျွန်တော်တို့သိရပါတယ် ..." ဟု AGD ဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းဦးက ရှင်းလင်းပွဲတွင် ပြောကြားသည်။

AGD ဘဏ်ဘက်မှ အခွန်ဆောင်ကြောင်း ရှင်းလင်းပြီး ပြည်တွင်းအခွန်ဦးစီးဌာနဘက်မှလည်း ကွန်ပျူတာမှားယွင်းပြီး စာရင်းထုတ်ပြန်မိကြောင်း ပြန်လည်ရှင်းလင်း တောင်းပန်ခဲ့သည်။

အဆိုပါသတင်းကို The Daily Eleven သတင်းစာတွင် ထည့်သွင်းခဲ့စဉ်က ပြည်တွင်းအခွန်များဦးစီးဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော တရားဝင်ထုတ်ပြန်ချက်တွင်ပါဝင်သည့် စာရင်းအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး မတ် ၁၁ ရက်ထုတ် The Daily Eleven သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

မတ် ၁၀ ရက်အထိ ပြည်တွင်းအခွန်ဦးစီးဌာန၏ ၀က်ဘ်ဆိုက်တွင် AGD ဘဏ်နှင့် ရိုးမဘဏ်တို့ ၎င်းတို့ထုတ်ပြန်သည့် အခွန်မဆောင်စာရင်းတွင် ပါဝင်နေခြင်းမှာ မှားယွင်းသည်ဟု ဌာနဘက်မှ ထုတ်ပြန်ခဲ့ခြင်းလည်း မရှိသည့်အတွက် ထုတ်ပြန်ချက်အတိုင်း ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

သတင်းဖော်ပြသည့် မတ် ၁၁ ရက် ရောက်ရှိပြီး AGD ဘဏ်ဘက်က ရှင်းလင်းပွဲလုပ်မည်ဆိုသောအချိန်ကျမှ ပြည်တွင်းအခွန်ဦးစီးဌာနဘက်က မှားယွင်းဖော်ပြမိကြောင်း၊ ကွန်ပျူတာ မှားယွင်းမှုကြောင့်ဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"...ကျွန်တော်တို့အနေနဲ့ အခွန်စည်းကြပ်တဲ့အခါမှာ ရသင့်ရထိုက်တဲ့အခွန်တွေ နစ်နာဆုံးရှုံးမှု လွတ်ကင်းမှုမရှိဘဲနဲ့ အခွန်ကောက်နိုင်အောင် ရည်ရွယ်ချက်ကောင်းလေးနဲ့ ဆောင်ရွက်လိုက်ပေမယ့် အခုလို အထိတ်တလန့်ဖြစ်သွားတဲ့ကိစ္စမျိုးကတော့ ကျွန်တော်တို့အမှားပဲဖြစ်တယ်လို့ ဒီမှာဝန်ချတောင်းပန်ရင်းနဲ့ နိဂုံးချုပ်ပါတယ်" ဟု ပြည်တွင်းအခွန်ဦးစီးဌာန ကုမ္ပဏီများအခွန်ဆိုင်ရာ အခွန်ရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။

AGD ဘဏ်မှ ရှင်းလင်းပွဲလုပ်သည့် အချိန်မှာ မတ် ၁၁ ရက် မွန်းလွဲ ၃ နာရီ ကျင်းပမည်ဟု ကြေညာထားပြီး အဆိုပါရှင်းလင်းပွဲ မကျင်းပမီ မိနစ် ၂၀ အလိုတွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးသည် Eleven Media Group ရုံးချုပ်သို့ လာရောက်၍ မှားယွင်းကြောင်း ထုတ်ပြန်ချက်ကို လာပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါရှင်းလင်းပွဲတွင် Eleven Media Group မှ သတင်းထောက်ချုပ် ကိုမာန်သူရှိန်က The Daily Eleven သတင်းစာက မှားယွင်းဖော်ပြခဲ့ခြင်းမဟုတ်ဘဲ တရားဝင်ထုတ်ပြန်ချက်အား ရေးသားခြင်းသာဖြစ်ပြီး သက်ဆိုင်ရာအခွန်ဦးစီးဌာန၏ မှားယွင်းမှုသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပြီး The Daily Eleven သတင်းစာမှ သတင်းမှားယွင်းဖော်ပြသည်ဟု သုံးနှုန်းမှုအား ပြန်လည်ပြင်ဆင်ပေးရန် AGD အား တောင်းဆိုခဲ့သည်။ AGD ဘဏ်မှ ကိုရဲမင်းဦးက The Daily Eleven မှားသည်ဟု မပြောကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထို့ပြင် "...AGD နဲ့ ပတ်သတ်တဲ့လုပ်ငန်းတွေကို လက်လှမ်းမီသလောက် ကြည့်မယ်ဆိုရင် ၃၅ ခုလောက်ရှိပါတယ်။ ကျွန်တော်တို့ မနှစ်တုန်းက အခွန်ထမ်းထုတ်ပြန်တဲ့စာရင်းတွေအရ ကုမ္ပဏီ ၁၂ ခုလောက်ပါပါတယ်။ ၂၃ ခုက အခွန်စာရင်းမှာ ပါမလာပါဘူး။ ဒါ ကျွန်တော်ပြောချင်တာပါ။ နောက်ထပ် Htoo Trading ဆိုရင်လည်း ကျွန်တော်တို့ သုံးနှစ်စာသစ်ခုတ်ခဲ့တာ နှစ်သိန်းနှစ်သောင်းကျော်ရှိပါတယ်" ဟု ထည့်သွင်းမေးမြန်းခဲ့သည်။ AGD ဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းဦးက AGD ဘဏ်နှင့် သက်ဆိုင်သော မေးခွန်းများကိုသာ ဖြေဆိုမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမှ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားချက်အချို့

"(၁၁-၃-၂၀၁၄) အင်္ဂါနေ့ထုတ် The Daily Eleven သတင်းစာပါ မှားယွင်းဖော်ပြထားသည့် သတင်းအတွက် သတင်းမီဒီယာအားလုံးသို့ သတင်းအချက်အလက်အမှန်များကို ပြန်လည်ရှင်းလင်းပြောကြားသည့် အခမ်းအနား"ဟူ၍ ဖော်ပြထားသော ရှင်းလင်းပွဲတွင် AGD Bank Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက သတင်းမီဒီယာအချို့ မေးမြန်းချက်အပေါ် ဖြေကြားမှုအား ဖော်ပြအပ်ပါသည်။

ကိုဝေဖြိုး (Eleven Media Group)

မေး - ဦးရဲမင်းဦးက AGD ဘဏ်နဲ့ပတ်သက်တာပဲ မေးပါဆိုတော့ အဲဒါနဲ့ပတ်သက်တာပဲမေးပါ့မယ်။ AGD ဘဏ်က အခုအများပိုင်လို့ သုံးနှုန်းသွားပါတယ်။ AGD ဘဏ်ကို စတင်တည်ထောင်ကာစ အနေအထားအရဆိုလို့ရှိရင် AGD ဘဏ်ဟာ ထူးကုမ္ပဏီများအုပ်စုရဲ့ဥက္ကဋ္ဌ ဦးတေဇနဲ့ဆက်စပ်ပြီး ပေါ်ပေါက်လာတဲ့ဘဏ်ဖြစ်ပါတယ်။ ဒါဆိုရင် မှားမယ်မထင်ပါဘူး။ ကျွန်တော်တို့သိချင်တာ ဘယ်လုပ်ငန်းမဆို လုပ်ငန်းရင်းနှီးမြှုပ်နှံမှုပမာဏအပေါ်မှာ ငွေဖြူပြသနိုင်မှုအခြေအနေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သိလိုပါတယ်။ ငွေဖြူဆိုတာ တစ်နည်းအားဖြင့် အခွန်မည်မျှ ပေးဆောင်ထားသလဲဆိုတာပါ။ ဒါတွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ပြောပြနိုင်မလား။ အကယ်၍ ငွေကြေးခ၀ါချမှုအပါအ၀င် ဥပဒေလည်းရှိပြီးသားဖြစ်တဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်က စိစစ်မယ်ဆိုရင် အများပြည်သူရှေ့မှာ ဒါတွေနဲ့ပတ်သက်လို့ အစစ်ဆေးခံနိုင်သလား။ ဒါတွေနဲ့ပတ်သက်လို့ ဘယ်လောက်များပြောနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဦးရဲမင်းဦး - ကျွန်တော်တို့ ၂၀၁၀ မှာ ဘဏ်လိုင်စင်ရပါတယ်။ ဘဏ်လိုင်စင်ရတဲ့အချိန်မှာ ကျွန်တော်တို့ကန့်သတ်ချက် ဘာကန့်ထားလဲဆိုတော့ ၂၀ဘီလျံရင်းနှီးမြှုပ်နှံမှုပြရမယ်။ ၂၀ ဘီလျံ ရင်းနှီးမြှုပ်နှံမှုပြမှသာ ဘဏ်လိုင်စင်ပေးမယ်လို့ ပြောပါတယ်။ ၂၀ ဘီလျံလုံးကိုလည်း ငွေဖြူစာရွက်စာတမ်းနဲ့တကွ ဗဟိုဘဏ်က စိစစ်ပြီးမှသာ ပြခွင့်ပြုပါ့မယ့်လို့ ကြိုတင်အကြောင်းကြားထားတာရှိတယ်။ ဒီအတွက် ဘဏ်စတင်တည်ထောင်တဲ့အချိန်မှာ ကျပ် ၂၀ ဘီလျံ အမေရိကန်ဒေါ်လာဆိုရင် ၂၀ မီလျံကျော်ကျော်လေးနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ စတင်တည်ထောင်စဉ်ကတည်းက ကျွန်တော်တို့ရဲ့ဘဏ်တည်ထောင်တဲ့ ငွေကြေးအားလုံးကို ငွေဖြူစာရွက်စာတမ်းအားလုံး တရားဝင်ပြရတာ ဖြစ်ပါတယ်။ တရားဝင်စာရွက်စာတမ်းပြပြီးမှ ကျွန်တော်တို့ဘဏ်လိုင်စင်ရတာ ဖြစ်ပါတယ်။ ပြီးတော့မှ ဘဏ်ကိုလုပ်တာ ဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ဘဏ်တွေကို မီဒီယာတွေက ရောနေပါတယ်။ မတူပါဘူး။ မတူပါဘူး။ ကုမ္ပဏီတည်ထောင်တဲ့အချိန်မှာ မိမိတည်ထောင်လိုတဲ့သူတွေ စုစည်းပြီးတော့ ကုမ္ပဏီမှတ်ပုံတင်ရုံးမှာ authorised capital ကတော့ ဘယ်လောက်ဆိုပြီး ဂဏန်းပဲရေးလိုက်တာ ဖြစ်ပါတယ်။ ဘဏ်တည်ထောင်တာ အဲဒီလိုမျိုးမဟုတ်ပါဘူး။ ငွေကို အပုံလိုက်ပြရတာပါ။ အဲဒီလိုပြတဲ့ငွေကလည်း ကိုယ်ကြိုက်တဲ့ငွေ ယူလာပြီးပြလို့မရဘူး။ ကျွန်တော်တို့အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းနဲ့တွဲပြီး တင်ပြရတာ ဖြစ်ပါတယ်။ တင်ပြပြီးမှသာ ကျွန်တော်တို့ကို ဘဏ်လိုင်စင်ထုတ်ပေးတာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဘဏ်ရဲ့ capital ဟာ ၃၀ ဘီလျံရှိသွားပါပြီ။ ကျွန်တော်တို့တောက်လျှောက် နှစ်စဉ်ဘဏ်ကို capital တိုးသွားပါတယ်။ ဘာကြောင့်တိုးရလဲဆိုတော့ ဘဏ်ခွဲတစ်ခုဖွင့်တိုင်း capital တိုးရပါတယ်။ အခြားနိုင်ငံတွေမှာ ဘဏ်ခွဲဖွင့်ရင် capital တိုးစရာမလိုပါဘူး။ ကြိုက်သလောက် ဖွင့်လို့ရတယ်။ ကျွန်တော်တို့ဆီမှာ ဘဏ်ခွဲတစ်ခုဖွင့်တိုင်း capital တိုးရပါတယ်။ တိုးတဲ့အခါမှာလည်း ငွေဖြူစာရွက်ပြရပါတယ်။ ငွေဖြူအခွန်ဆောင်ထားတဲ့စာရွက်မှာလည်း တစ်ခါတည်း ဒီဘဏ်အတွက် ဒီစာရွက်ကပြထားပြီးသားလို့ တစ်ခါတည်း သတ်မှတ်ထားပါတယ်။ ဒီစာရွက်ကို နောက်ကုမ္ပဏီတစ်ခုမှာ နောက်တစ်ကြိမ်ထပ်ပြခွင့် မရှိပါဘူး။

ကိုဇေယျာမြတ်ခိုင် (ဒီမိုကရေစီသတင်းဂျာနယ် အယ်ဒီတာချုပ်)

မေး - ကျွန်တော်သိချင်တာက Eleven မှားတာလား၊ AGD ဘက်က၊ ပြည်တွင်းအခွန်ဘက်က မှားတာလား ဒါကို သေသေချာချာ ဂဃနဏ အဖြေတစ်ခု လိုချင်ပါတယ်။ နှစ်ဘက်စလုံးရှိနေချိန်မှာ ရှင်းတာကောင်းပါတယ်။

ဦးရဲမင်းဦး - ကျွန်တော်တို့သတင်းထုတ်ပြန်ချက်တွေ ဝေထားပြီးဖြစ်ပါတယ်။ အဲဒီမှာ ဘယ်သူမှားတယ်ဆိုတာ ထည့်ထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ထူးထွေပြီးတော့ AGD က ဘာဖြစ်တယ်။ Eleven ကဘာဖြစ်တာဆိုတာ ပြောဖို့မရှိပါဘူး။ ကျွန်တော် ဒီပွဲစလုပ်ထဲက အခုအချိန်ထိ Eleven ကို အခုချိန်ထိ တစ်ခွန်းမှ မစွပ်စွဲထားပါဘူး။ ကျွန်တော်တို့ ၀က်ဘ်ဆိုက်မှာလည်း ကြည့်လို့ရပါတယ်။ ထုတ်ပြန်ထားတဲ့စာရွက်တွေမှာလည်း ကြည့်လို့ရပါတယ်။ ကျွန်တော်တို့ ဘာမှမစွပ်စွဲထားပါဘူး။ ကျွန်တော်တို့ပြောထားတာက ဒီသတင်းထွက်လာတယ်။ ဒီသတင်းဟာ မှားနေတယ်။ ဘယ်သူကြောင့် မှားနေတယ်ဆိုတာ ကျွန်တော်တို့မှာ ပါပြီးသားဖြစ်ပါတယ်။ နောက်တစ်ခါသတင်းမှားနေတယ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ မလွှဲမရှောင်သာ သတင်းစာနာမည်ကိုတော့ ထည့်ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်မှာဖော်ပြထားတဲ့ သတင်းဆိုတာ ကျွန်တော်တို့အနေနဲ့ Source အနေနဲ့ ပြရမှာဖြစ်တဲ့အတွက် Source အနေနဲ့ ကိုးကားထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ခွန်းမှ ဘာမှပြောထားတာ မရှိပါဘူး။ ရှင်းလင်းအောင် စာကိုဝေထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ မှားတာလား သူတို့မှားတာလားဆိုတာ အစကတည်းက ကျွန်တော်တို့ရန်ဖြစ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့က Eleven အဖွဲ့ကို ရန်ဖြစ်ဖို့ခေါ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်သေသေချာချာကို လေးလေးစားစား ဖုန်းဆက်ဖိတ်ပြီးတော့ ခေါ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါလေးရှင်းပြမယ်။ Eleven ကလည်း ပြောချင်တာပြောမယ်။ ဒါမျိုးလေးအတွက်ပဲ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ ဒီကိစ္စအပေါ်မှာပဲ မူတည်ပြီးတော့ ကျွန်တော်တို့က သတင်းအချက်အလက်တွေကိုပဲ ဆွေးနွေးတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ဘယ်သူမှားတယ်ဆိုတာ ကျွန်တော်မပြောပါဘူး။ မှားတဲ့သူကလည်းမှားကြောင်း ပြည်တွင်းအခွန်ကလည်း တရားဝင်ကြေညာပြီးဖြစ်ပါတယ်။ မှားယွင်းကြောင်း ကြေညာတဲ့အပြင် ၀န်ချတောင်းပန်ပါတယ်လို့တောင် ခုနကစင်ပေါ်မှာ တက်ပြောသွားရဲသားနဲ့ နောက်ထပ်ထပ်ပြီးတော့ အဲဒီလူမပါဘဲနဲ့ ကျန်တဲ့နှစ်ယောက်က ဘယ်သူမှားတာလည်းဆိုတဲ့မေးခွန်းကို ကျွန်တော်ဖြေဖို့ တော်တော်ကြီးခက်ပါလိမ့်မယ်။ ပြည်တွင်းအခွန်ရဲ့ ခုနကပြောကြားချက်ကလည်း တော်တော်ကြီးရှင်းပါတယ်။ အဲဒီဖြေရှင်းချက်က လုံလောက်ပြီးတော့ မေးတဲ့လူကလည်း ကျေနပ်မယ်လို့ ယူဆပါတယ်။

ချယ်ရီအက်ဖ်အမ်

မေး - ကျွန်တော် ချယ်ရီအက်ဖ်အမ်ကပါ။ ကျွန်တော်မေးချင်တာလေးတစ်ခုက AGD ဘဏ်အနေနဲ့ ဒီဝက်ဘ်ဆိုက်ပေါ်မှာ မှားယွင်းတင်လိုက်တယ်ဆိုတဲ့ဟာကို ခုနကပြည်တွင်းအခွန်ကလည်း ပြောသွားပါတယ်။ ၇ ရက်နေ့ကတည်းက သူတို့မှားပြီး တင်ထားတယ်လို့ပြောပါတယ်။ အန်ကယ်တို့အနေနဲ့ တွေ့ခဲ့တာဟာ ဒီနေ့မှတွေ့ခဲ့တာလား။ ၀က်ဘ်ဆိုက်ဆိုတာ ပိတ်ရက်မရှိတဲ့အတွက် စနေ၊ တနင်္ဂနွေမှာလည်း ၀င်ကြည့်လို့ရတဲ့ဟာကို ဒီနေ့မှသိပြီး ဘာလို့ဒီလိုဖြစ်တာလဲဆိုတာ သိချင်ပါတယ်။

ဦးရဲမင်းဦး - ကျွန်တော်တို့ ပြည်တွင်းအခွန်ကနေပြီးတော့ အခွန်မဆောင်ထားတဲ့ကုမ္ပဏီ တစ်သောင်းကြေညာလိုက်တယ် ဆိုတယ်ဆိုတာကို ကျွန်တော်တို့ကြားပါတယ်ခင်ဗျ၊ ကြားတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ အခြားလုပ်ငန်းတွေလည်း ရှိနေတယ်။ ကိုယ်ကလည်း ဘယ်တော့မှ အခွန်မဆောင်တဲ့ ကုမ္ပဏီထဲမှာမပါတဲ့အတွက် သွားမကြည့်ပါဘူး။ ညနေကျတော့မှ ဒီသတင်းတွေနဲ့ပတ်သက်လို့ အင်ဖော်မေးရှင်းတော့ ယူမှလို့ဆိုပြီး ၀က်ဘ်ဆိုက်ကို ၀င်ကြည့်တဲ့အချိန်မှာ မရှိတော့ပါဘူး။ ကျွန်တော်ပြောချင်တာက ကျွန်တော်ဝင်ကြည့်တဲ့အချိန်မှာ အဲဒီသတင်းမရှိတော့ပါဘူး။ မရှိတော့ ကျွန်တော်တို့လည်း ပါတယ်ဆိုတာ မသိပါဘူး။ ကျွန်တော့်ကိုလည်း ဘယ်သူ့ကမှ ကျွန်တော်တို့နာမည်တွေ အဲဒီထဲမှာပါနေတယ်ဆိုတာ inform လုပ်ထားတာမရှိပါဘူး။ မရှိတော့ ကျွန်တော်လုံးဝမသိဘူး။ မသိတော့ ကျွန်တော်အေးအေးပဲနေပါတယ်။ ဒီနေ့နံနက် သတင်းစာထွက်တဲ့အချိန်ကျတော့မှ ဒါမျိုးကြီးပါလာပြီး အဲဒီတော့မှကျွန်တော်တို့လည်း အံ့သြပြီး အဲဒီတော့မှ အခွန်ဦးစီးဌာနကို မေးရတာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်တောင်မှ သတင်းစာထွက်မှ သိရတာဖြစ်ပါတယ်။ သတင်းစာမထွက်ခင်အထိ ကျွန်တော်တို့မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိဖို့လည်း ခုနကကျွန်တော်ရှင်းပြသလိုပဲ မလိုအပ်ဘူးလို့ ယူဆပါတယ်။ အခွန်ဆောင်ထားတဲ့သူတစ်ယောက်က အခွန်ဆောင်မထားတဲ့ စာရင်းထုတ်ပြန်တာကို သွားကြည့်စရာမလိုဘူးလို့ဆိုတဲ့ စိတ်မျိုးရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့သွားမကြည့်ဖြစ်ပါဘူး။



Eleven Media Group