စိတ်ဓာတ်ကျခြင်း ၊ စိုးရိမ်ပူပန်ခြင်း နှင့် ၄င်းတို့ကို ဖြေလျှော့ခြင်း

ပို့စ်တင်ချိန် - 3/12/2014 04:25:00 PM



ကျွန်တော်ဟာ စိတ်ဓာတ်ကျတဲ့ ဝေဒနာ ကို ခံစားနေခဲ့ ရတာ ဆယ်စုနှစ် တစ်စု မကတော့ ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အားမရတော့ သောကစိတ်တွေ ၀င်ပြီး မနက်စောစော နိုးကတည်းက နုံးခွေနေတတ် ပါတယ်။ တစ်ခုခု လုပ်ရတော့မယ် ဆိုရင် စိုးရိမ်စိန်တွေ အလိုလို ၀င်လာပြီး ဘာအသံပဲ ကြားကြား အထိတ်တလန့် ဖြစ်ရပါတယ်။ ဒီ ဝေဒနာ တွေမရှိတဲ့ နေရာ တစ်နေရာကို ပြေးထွက် သွားချင် ပါတယ်။ ဒါမှမဟုတ် စိတ်ဓာတ် ကျခြင်းကို သက်သာ ပျောက်ကင်း စေမယ့် ဆေးဝါးများ ရှိလို့ရှိရင် ဘယ်လောက် ကုန်ကုန် ၀ယ်သောက်ချင် ပါတယ်။

ကျွန်တော် သောက်ခဲ့တဲ့ ဆေးလဲ မနည်းတော့ ပါဘူး။ စိတ်ရောဂါကု ဆရာဝန် နဲ့လဲ ပြသပါတယ်။ တစ်ကိုယ်လုံး ကို လျှပ်စစ်နဲ့ နှိုးဆွပေးတဲ့ ECT ဆိုတာလဲ လုပ်ပါတယ်။ ဆေးရုံ အကြိမ်ကြိမ် တက်ခဲ့ဖူးပြီး ကိုယ့်ကိုယ်ကိုယ် လည်း သေကြောင်း ကြံစည် ဖူးပါတယ်။

ဒါပေမဲ့ စိတ်ဓာတ် ကျနေတာကို ဘယ်လိုမှ ကုမရခဲ့ ပါဘူး။ အဲ့ဒီအချိန်မှာ စိတ်ဓာတ် ပိုပြီး ကျလာ ပါတော့တယ်။ စိုးရိမ် ထိတ်လန့်မှုတွေ၊ စိတ်ဓာတ် ကျမှုတွေ အတွက် သောက်ရတဲ့ ဆေးတွေကို ကျွန်တော် မခံစား နိုင်ပါဘူး။

လူက တစ်ချိန်လုံး ဂနာမငြိမ် ဖြစ်နေပြီး ဘာကိုမှ အလိုမကျ တော့ဘဲ မိုက်ရူးရဲ ဆန်တာတွေ လုပ်ချင် လာပါတယ်။ စိတ်ကျရောဂါ ကို သက်သာ ပျောက်ကင်း စေတယ်ဆိုတဲ့ ဆေးဝါးတွေ သောက်မိရင် ကျွန်တော့် အခြေအနေ ပိုပြီး ဆိုးလာတာကို အံ့သြမိ ပါတယ်။ တစ်နေ့ ဆေးရုံကြီးရဲ့ (၅)လွှာကနေ ခုန်ချဖို့ ကြိုးစား ခဲ့ပါတယ်။ မအောင်မြင် ခဲ့ပါဘူး။ အဲ့ဒီမှာတင် ကျွန်တော် စိတ်ပြောင်းသွား ပါတယ်။ ကျွန်တော် အရှုံးမပေး ချင်တော့ဘူး။ ဒီစိတ်ကျ ရောဂါ ကို ရင်ဆိုင်ချင် လာတယ်။ ကျွန်တော် လူကောင်း တစ်ယောက်လို နေချင် လာတယ်။ ကျွန်တော့် သမီးလေး ကို တခြား ဖခင်တွေလိုပဲ ကျောင်းပို့ ပေးချင်တယ်။ ပန်းခြံထဲမှာ သွားဆော့ ချင်တယ်။ ညအိပ်ရာဝင် ချိန်မှာ ပုံပြင်လေး ပြောပြရင်း ချော့သိပ် ချင်တယ်။ ကျွန်တော် ဒါတွေကို ဘာဖြစ်လို့ မလုပ်နိုင်ရတာလဲ။ ပြင်ပ လူတွေရဲ့ စကားကို အာရုံ မစိုက်နိုင် တော့ဘဲ ကျွန်တော့် ရင်ထဲက စကားသံကို ကျွန်တော် ကြားလာတယ်။ ရှင်းရှင်းလေး ကိုကြား ရတာပါ။

ဒီဆေးတွေ ဆက်သောက် နေလို့ မဖြစ်ဘူး။ ငါ့ကိုငါ ကယ်မှ ဖြစ်တော့ မယ်လို့ ကျွန်တော့် ရင်ထဲမှာ ပဲ့တင်သံ ထပ်အောင် အသံတွေ ကြားနေရတယ်။ စိတ်ရောဂါကု ဆရာဝန်ရဲ့ ကြီးကြပ်မှု အောက်မှာ ကျွန်တော် သောက်ဆေး တွေကို တဖြည်းဖြည်း လျှော့ချပြီး နောက်ဆုံးမှာ ဖြတ်လိုက်တယ်။ တစ်ချိန်တည်းမှာ ကျွန်တော့် ကိုကျွန်တော် စိတ်နဲ့ပဲ ပြန်လည် ကုစား တော့တယ်။

စိတ်အာရုံ စူးစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရတဲ့ ကမ္မဋ္ဌာန်း ထိုင်နည်းကို အမေရိကန် ဆရာ တစ်ယောက်က သင်ပေးတယ်။ ကော်ဇော ချပ်ငယ်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်ပြီး မျက်လုံးတွေ ကိုမှိတ်၊ အသက်ကို ဖြည်းဖြည်း မှန်မှန် ရှူသွင်းရင်း စိတ်ဓာတ် ကျရာနေရာ လိုက်ရှာ ရတာကို ကျွန်တော် အင်မတန် နှစ်သက် ခဲ့ပါတယ်။ တကယ်တော့ စိတ်ဓာတ်ကျ နေတဲ့ နေရာ မရှိဘူး ဆိုတာ ကျွန်တော် လက်တွေ့ သိမြင် သဘောပေါက် လာခဲ့ ပါတယ်။

စိတ် ဖန်သားပြင် ပေါ်မှာ ကျွန်တော် ဘဝကို ပြန်လည် ရှုမြင်တတ် လာပါတယ်။ အာရုံတွေ၊ ခံစားချက် တွေထဲမှာ ရောထွေး ငြိတွယ် မသွားဘဲ ကင်းကင်း ရှင်းရှင်း နေတတ် လာပါတယ်။ ကျွန်တော် တည်ငြိမ်စပြု လာပါတယ်။ နာကျင် ခံစား နေရတဲ့ အရာတွေဟာ ကိုယ်က အာရုံစိုက်မှ အသက် ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခ ပေးတယ်ဆိုတာ သိလာ ပါတယ်။ အခု ကျွန်တော်ဟာ အရှေ့ကို လှမ်းမျှော်ပြီး တက်ကြွစွာ လုပ်ငန်း ဆောင်ရွက်သူ တစ်ဦး ပြန်ဖြစ်လို့ လာပါပြီ။ စိတ်ဓာတ်ကျ နေတဲ့ အခါမျိုးမှာ လေ့ကျင့်ခန်း လုပ်ပေး ရတယ်။ လူကတော့ မလှုပ်ချင် လောက်အောင် နုံးခွေ နေတာပေါ့။ ဒါပေမဲ့ မရမက လမ်းလျှောက်ပေး၊ လေ့ကျင့်ခန်း တွေ လုပ်ပေး။ ပြန်ပြီး ကြည်လင် လန်းဆန်း လာလိမ့်မယ်လို့ စိတ်ကျရောဂါ ကု ဆရာဝန်တစ်ဦး က ပြောပြ ပါတယ်။

အဲ့ဒီအချိန် ကစပြီး တစ်ပတ်ကို အနည်းဆုံး သုံးကြိမ် ကျွန်တော် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ပေး ပါတယ်။ ယောဂ လေ့ကျင့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်ပေး ပါတယ်။ ကျွန်တော့် ခန္ဓာကိုယ်ဟာ အရင်ကလို တင်းမာပြီး နာကျင် ကိုက်ခဲ နေတာမျိုး မဖြစ်တော့ဘဲ ပျော့ပျောင်း သွက်လက် လာပါတယ်။ စိတ်ဓာတ်လဲ ရွှင်လန်း တက်ကြွ လာပါတယ်။ ကစားပြီးတော့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့်ရတဲ့ အရသာ၊ အင်္ကျီတွေ  ၀တ်လိုက်ရင် သပ်သပ်ရပ်ရပ်၊ ချပ်ချပ်ရပ်ရပ် ဖြစ်တဲ့ အရသာကို ကျွန်တော် ကြိုက်တတ် လာပြီး ကိုယ့်ပုံရိပ်ကို ယုံကြည်မှု ရှိလာပြီး ကိုယ့်ကိုယ်ကိုယ် ချစ်လာ ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ရင် အများကလည်း ချစ်လာတယ် ဆိုတာ ကျွန်တော် ယုံကြည် သွားပါတယ်။ အခုဆိုရင် ကျွန်တော့်မှာ မိတ်ဆွေသစ် တွေ အများကြီး တိုးလာပါပြီ။

စိတ်ရောဂါကု ဆရာဝန်နဲ့ ဆွေးနွေး ကြည့်တော့ စိတ်ဓာတ်ကျ နေတာ ပျောက်သွားမယ် ဆိုတာ ကျွန်တော် မယုံကြည် ခဲ့ဘူး။ ဒါပေမဲ့ အခုဆိုရင် သူနဲ့ ဆွေးနွေးရင်း အတွေး၊ ခံစားချက်၊ စိတ် အပြောင်းအလဲ၊ အမူအကျင့် တို့ဟာ တစ်ခုနဲ့ တစ်ခု ရောထွေး ရှုပ်ယှက်ခတ် နေပုံ၊ နစ်နာတဲ့ ဘက်ကနေ အဆိုးမြင် တွေးမိ နေတတ်ပုံ တို့ကို ကျွန်တော် သဘောပေါက် လာပြီး အကောင်း ရှုမြင်တဲ့ စိတ်နဲ့ အဲ့ဒီ ရှုပ်ထွေးမှု တွေကို ဖြေရှင်းတတ်  လာပါတယ်။ အသက်ရှူတာ ကို ထိန်းချုပ် ပြုပြင် လိုက်ရုံနဲ့ စိတ်ခံစားမှု တွေအများကြီး ပြေလျော့တယ် ဆိုတာ ကျွန်တော် လက်တွေ့ ကျကျ သဘောပေါက်လာခဲ့ ပါတယ်။ ပြဿနာ တစ်ခုကို ရင်ထဲမှာ မတွေးဘဲ နှုတ်ကနေ တစ်ဦးတည်း ပြောဆို ဆွေးနွေး ပေးရင် မွန်းကျပ်မှုတွေ ပျောက်သွားပြီး အဖြေကို အလွယ်တကူ ရှာတွေ့တဲ့ နည်းကို ကျွန်တော် တတ်လာ ပါတယ်။

သင့်ကမ္ဘာကို သင် အတွေးဖြင့် ဖန်တီးသည်။ ထိုကမ္ဘာကို ပြုပြင် ပြောင်းလဲ လိုလျှင် သင့်အတွေးကို ပြောင်းလဲ ရလိမ့်မည်ဟု အိုင်းစတိုင်း က ပြောခဲ့တာကို ကျွန်တော် လက်တွေ့ ဆောင်ရွက် နိုင်ပါပြီ။ ကျွန်တော် စဉ်းစား တွေးခေါ်ပုံ တွေကို ပြုပြင် လိုက်တဲ့အခါ ကျွန်တော့် ပတ်ဝန်းကျင် ကမ္ဘာကြီး ကလဲ နေချင်စဖွယ် ချက်ချင်းပဲ ဖြစ်လာ ပါတယ်။

စိတ်ဓာတ်ကျတာ မထူးဆန်း ပါဘူး။ စိတ်ဓာတ် ကျပြီးတော့ ဘာဆက်လုပ် သလဲဆိုတာ ကသာ အရေးကြီး တာပါ။ တစ်ချိန်တုန်းက ကျွန်တော်ဟာ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့ဖူး ပါတယ်။ အခုတော့ စိတ်ဓာတ်ကျ တာလေး ပျောက်သွားမှာ စိုးရိမ် နေမိတယ်။ ကျွန်တော် ကမ္မဋ္ဌာန်း ထိုင်ဖို့၊ အသက်ရှူ လေ့ကျင့်ခန်းတွေ လုပ်ဖို့၊ လူတွေနဲ့ တွေ့ဆုံပြီး အပြုသဘော ဆောင်တဲ့ ဘက်ကနေ သွားလာ လှုပ်ရှား ရမယ် ဆိုတာကို မမေ့လျော့ဖို့ စိတ်ဓာတ်ကျ ခြင်းက သတိပေး နေတဲ့ အတိုင်းပါပဲ။

စာဖတ်သူများ အားလုံး စိတ်ဓာတ်ကျ ခြင်းကို ကုစား နိုင်ကြပါစေ။
 (TMK)
Myawady Daily