AGD ဘဏ်၏ နှစ်စဉ် အခွန်ဆောင်နှုန်း

ပို့စ်တင်ချိန် - 3/12/2014 01:40:00 PM

ကျပ်သိန်းပေါင်း နှစ်သိန်းမှ သုံးသိန်းကြား မ,တည်လည်ပတ်သည့် AGD ဘဏ်သည် ၂၀၁၂-၂၀၁၃ ခုနှစ်က အမြတ်ကျပ်သိန်း ၈၀၀ နီးပါးပြပြီး သိန်း ၂၃၀ ကျော်သာ ၀င်ငွေခွန်ဆောင်

ကျပ်သိန်းပေါင်း နှစ်သိန်းမှသုံးသိန်းကြား မ,တည်လည်ပတ်သည့် AGD ဘဏ်သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ကျပ်သိန်း ၈၀၀ နီးပါးသာအမြတ်ပြပြီး ကျပ်သိန်း ၂၃၀ ကျော်သာ ၀င်ငွေခွန်ဆောင်ခဲ့ကြောင်း သိရသည်။

AGD ဘဏ်သည် စတင်လည်ပတ်စဉ်က ကျပ်သိန်းပေါင်းနှစ်သိန်းဖြင့် လည်ပတ်ခဲ့ပြီး ယခုအခါ ကျပ်သိန်းပေါင်း သုံးသိန်းကျော်အထိ မ, တည်ငွေရင်း တိုးလာခဲ့ကြောင်းလည်း သိရသည်။

AGD ဘဏ်သည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အမြတ်ငွေဝင်ငွေခွန် ကျပ်သိန်း ၁၂၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ်သိန်း ၂၃၀ ကျော်သာ ၀င်ငွေခွန်ပေးဆောင်ခဲ့ကြောင်း တရားဝင်ပေးဆောင်ထားသည့် အခွန်စာရင်းများအရ သိရသည်။

၂၀၁၄ ခုနှစ် မတ် ၁၁ ရက်က ဆူးလေဘုရားလမ်းရှိ AGD ဘဏ်ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AGD ဘဏ်၏ ထုတ်ပြန်ပေးချက်အရ သိရှိရခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အရ ကျပ်သိန်းပေါင်း နှစ်သိန်းမှ သုံးသိန်းကြား ရင်းနှီးမ,တည် လည်ပတ်နေသော AGD ဘဏ်သည် ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်က အမြတ်ငွေ ၄၀၂၉၆၁၁၈ ကျပ်သာပြခဲ့ပြီး ၀င်ငွေခွန် ၁၂၂၉၇၈၅၁ ကျပ်ပေးဆောင်ခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်ကလည်း အမြတ်ငွေ ၇၉၄၀၃၀၆၁ ကျပ်သာပြခဲ့ပြီး ၂၃၈၂၀၉၁၈ ကျပ်ကိုသာ ၀င်ငွေခွန်အဖြစ် ပေးဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ခုနှစ်အတွက် ကြိုတင်ခွန် ပေးဆောင်ရာတွင်မူ ကျပ်သိန်း ၃၀၀၀ ကိုလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ကြိုတင်ခွန်ပေးဆောင်ရာတွင် ကျပ်သိန်း ၁၅၀၀၀ ပေးဆောင်ခဲ့ကြောင်း သိရသည်။

ရင်းနှီးမ,တည်ငွေသည် စတင်စဉ်က ကျပ်သိန်းပေါင်းနှစ်သိန်းရှိပြီး သုံးနှစ်အတွင်း ကျပ်သိန်းပေါင်း တစ်သိန်းထပ်တိုးလာပြီး ကျပ်သိန်းပေါင်း သုံးသိန်းအထိသာရှိခဲ့ခြင်း ဖြစ်သည်။

မ,တည်ငွေမှာ ကျပ်သိန်းပေါင်း နှစ်သိန်းမှ သုံးသိန်းအထိသာ တိုးလာခြင်းဖြစ်သော်လည်း ၀င်ငွေခွန်ပေးဆောင်နိုင်မှု အပိုင်းတွင်မူ ကျပ်သိန်းပေါင်း နှစ်သိန်းဖြင့် စတင်လည်ပတ်စဉ်ကထက် အဆပေါင်း ၁၂၀ ကျော်အထိ တိုးလာခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အရဆိုပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ကျပ်သိန်း ၈၀၀ နီးပါး ၀င်ငွေပြပြီး အခွန် ကျပ်သိန်း ၂၃၀ ကျော်သာ ပေးဆောင်ရာမှ ၂၀၁၃-၂၀၁၄ တွင် ကြိုတင်ခွန် ကျပ်သိန်း ၃၀၀၀၊ ၂၀၁၄-၂၀၁၅ အတွက် ကြိုတင်ခွန် ကျပ်သိန်း ၁၅၀၀၀ အထိ ချက်ချင်းတိုးဆောင်ထားမှုများကိုကြည့်လျှင် ကွာခြားချက်များစွာ ကြီးမားကြောင်း တွေ့ရပြီး မည်သည့်အတွက်ကြောင့် ယင်းကဲ့သို့ ကွာခြားမှုကြီးမားသည်မှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်။

အခွန်ပေးဆောင်မှုအပိုင်း၌ ခရိုနီ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်လျှင် အခွန်နှင့် စည်းမျဉ်းစည်းကမ်းများမှာ တိတိကျကျမရှိသည်ကို ထင်ရှားပေါ်လွင်လျက်ရှိကြောင်း AGD ဘဏ်၏ ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် သိရသည်။

Eleven Media Group