ဥပဒေတစ်ရပ်မှာ မျက်နှာဘယ်နှဖက်ရှိသလဲ

ပို့စ်တင်ချိန် - 3/12/2014 04:47:00 PM


ရေးသားသူ- ထွန်းခိုင်

ရွှေသံလွင်အပါအဝင် အင်အားကြီးစီးပွားရေးကုမ္ပဏီကြီးများက နိုင်ငံအတွင်းသို့ မှောင်ခိုလမ်းကြောင်းမှ စက်သုံးဆီများခိုးသွင်းနေကြောင်း သက်သေအထောက်အထားများနှင့်တကွ ၂၀၁၂ နိုဝင်ဘာအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က လွှတ်တော်တွင် ဖော်ထုတ်ခဲ့သည်။

သို့သော် စက်သုံးဆီမှောင်ခိုမှုဖြင့် သံသယရှိသည့် ကုမ္ပဏီများကို အစိုးရက တရားရုံးရှေ့ပို့ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ၎င်းတို့တင်သွင်းလာသည့် ဆီတင်သင်္ဘောများကိုပင် ရဲတပ်ဖွဲ့ဝင်များ တားဆီးစစ်ဆေးပိုင်ခွင့်မရှိကြောင်း အကြောင်းပြန်ခဲ့သည်။

စက်သုံးဆီဂါလန်ထောင်သောင်းချီ မှောင်ခိုတင်သွင်းလာသည့် စီးပွားရေးလုပ်ငန်းကြီးများကို မတို့မထိရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၁၆ လခန့်အကြာ ၂၀၁၄ မတ်လဆန်းတွင် ရေနံစိမ်းဂါလန် ၈၀၀ ခန့် သယ်ဆောင်လာသူများကို မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အမှုဖွင့်အရေးယူခဲ့သည်။ အကြောင်းပြချက်က ခွင့်ပြုချက်တစ်စုံတစ်ရာပါရှိခြင်းမရှိဘဲ သယ်ဆောင်လာသည်ဟု ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

တရားမဝင်စက်သုံးဆီမှောင်ခိုပြုလုပ်ကြောင်း စွပ်စွဲခံရပြီး သာမန်လူများ အချုပ်ထောင်များအတွင်း ရောက်ရှိနေချိန်တွင် အလားတူစွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကမူ နိုင်ငံတော်သမ္မတ၏ သီးသန့်လေယာဉ်ဖြင့် နိုင်ငံတကာခရီးစဉ်များသို့ လိုက်ပါခွင့်ရလျက်ရှိသည်။

‘‘ကိုယ်နဲ့နီးစပ်တဲ့သူတွေကျ အရေးမယူဘဲ ပြည်သူတွေကို အရေးယူဆောင်ရွက်ရမယ့်အပိုင်းမှာ လက်သွက်ခြေသွက်လုပ်နေတာတွေဟာ မကောင်းတဲ့လက္ခဏာတွေပဲ’’ဟု တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်ကပြောသည်။

တပ်မတော်ထိပ်ပိုင်းအရာရှိဘဝမှ အရပ်ဝတ်ပြောင်းလဲခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင် ဦးသိန်းစိန်သည် ဒီမိုကရေစီလူ့ဘောင်ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံသားများ တရားဥပဒေလိုက်နာရန် မကြာခဏတိုက်တွန်းလေ့ရှိသည်။

မတ်လ ၁ ရက်တွင် ပြောခဲ့သည့် ရေဒီယိုမိန့်ခွန်း၌ သမ္မတက ‘‘... မိမိတို့ပြင်ဆင်ဖို့ကြိုးပမ်းတဲ့ ဥပဒေများ တည်မြဲနေစဉ်မှာတော့ မကြိုက်နှစ်သက်သော်လည်း နိုင်ငံကြီးသားပီသစွာ တရားဥပဒေကို လေးစားလိုက်နာခြင်းဓလေ့ အမြစ်တွယ်ခိုင်မာရေးအတွက် လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေများကို လေးစားလိုက်နာကြရမှာ ဖြစ်ပါတယ်’’ဟု ထည့်သွင်းပြောကြားခဲ့သေးသည်။

သို့သော် ပြည်သူများကို တရားဥပဒေစိုးမိုးရေးအကြောင်း ပြောနေသည့် သမ္မတနှင့် သူ၏အစိုးရအဖွဲ့ကိုယ်တိုင်ကော အပြောနှင့်အလုပ် ထပ်တူကျပါရဲ့လား။ ပြီးခဲ့သည့်နှစ်များအတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အချို့ကို နှိုင်းယှဉ်ကြည့်ကြပါစို့။

အာဏာရပါတီနှင့်အရပ်သား
အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ညီလာခံကျင်းပရန်အတွက် နေပြည်တော်တွင် ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၁၂ နိုဝင်ဘာအတွင်း စုဝေးရောက်ရှိခဲ့ကြသည်။ တိုင်းပြည်၏ထိပ်တန်းအာဏာပိုင်များ တက်ရောက်ခဲ့ကြသည့် အဆိုပါပွဲတွင် နိုင်ငံတော်အလံ ပြောင်းပြန်လွှင့်ထူမှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီး ၁၈၉ ရက်အကြာ ၂၀၁၃ မေလ ၂၂ ရက်တွင် နောက်ထပ် အလံပြောင်းပြန်ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ပြည်ခိုင်ဖြိုးထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆွစ်ဇာလန်အထက်လွှတ်တော်ဥက္ကဋ္ဌတို့ နေပြည်တော်တွင်တွေ့ဆုံရာ၌ မြန်မာနိုင်ငံအလံ ပြောင်းပြန်အနေအထားဖြစ်နေသည့်ပုံကို နောက်တစ်နေ့သတင်းစာများ၌ ရောင်စုံဓာတ်ပုံဖြင့် ဖော်ပြထားသည်။

အလံပြောင်းပြန်လွှင့်ထူမှုနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ထိပ်သီးအရာရှိကြီးများနှင့် တာဝန်ရှိသူများကို အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်ထားခြင်း ရှိ၊ မရှိ အစိုးရက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ချေ။

သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆူးကလပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် သာမန်ပြည်သူတစ်ဦးကို အလံပြောင်းပြန်လွှင့်ထူမှုနှင့်ပတ်သက်ပြီး အစိုးရကအရေးယူခဲ့သည်။ ၂၀၁၃ ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့အခမ်းအနား၌ အလံပြောင်းပြန်လွှင့်ထူခဲ့ကြောင်း တိုင်ကြားခံခဲ့ရသည့် ၎င်းတို့နှစ်ဦးသည် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်နှစ်ကျော်ကြာသည်အထိ တရားရင်ဆိုင်နေရဆဲဖြစ်သည်။

အစိုးရအဖွဲ့နှင့်အရပ်သား
‘‘တရားဥပဒေအထက်တွင် မည်သူမျှမရှိစေရ’’ဟူသောစကားကို မကြာခဏကိုးကားနေကြသည့် အစိုးရအဖွဲ့ဝင်များကိုယ်တိုင်ကော တရားဥပဒေ၏အောက်တွင် ရှိနေပါသလားဆိုသည့် မေးခွန်းသည်လည်း လူစိတ်ဝင်စားသည့် အကြောင်းအရာတစ်ခုဖြစ်သည်။

ပြီးခဲ့သည့်နှစ် နှစ်ဆန်းပိုင်းတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဦးသိန်းထွန်းအား ရာထူးမှနုတ်ထွက်ခွင့်ပြုကြောင်း သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးကြေညာခဲ့သည်။ နောက်ပိုင်းတွင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိအများအပြားကို ဘဏ္ဍာငွေအလွဲသုံးစားပြုလုပ်သည်ဆိုသော စွဲချက်ဖြင့် အမှုစစ်ဆေးနေကြောင်း အစိုးရအရာရှိများက ပြောကြားခဲ့သည်။ ယင်းအရှုပ်အရှင်းနှင့် ဝန်ကြီးအား ရာထူးမှထုတ်ပယ်ခဲ့မှုမှာ တိုက်ရိုက်ပတ်သက်နေသည်ဟု သတင်းများ
ထွက်ပေါ်ခဲ့သည်။ နုတ်ထွက်သွားသည့်ဝန်ကြီးကို မည်သည့်ပုံစံဖြင့် အရေးယူထားသည်ဆိုသည်ကိုမူ အစိုးရက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

သို့သော်လည်း အောက်ခြေဝန်ထမ်းများ လာဘ်စားမှုများ၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် အရပ်သားများကိုမူ အစိုးရက အရေးယူရန်အသင့်ဖြစ်နေခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်၏ သမိုင်းတွင်စေသည့် ပြောစကားများကို ဖြေရှင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်အချို့က အစိုးရထံတောင်းဆိုခဲ့သည်။

ဝန်ကြီး၏ တနင်္သာရီခရီးစဉ်အတွင်း ဒေသခံပြည်သူတစ်ဦးက ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်းခင်းပေးဖို့ တောင်းဆိုရာ ပြည်ထောင်စုဝန်ကြီးက ‘‘ယခင်အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်။ ဘာမှထော်လော်ကန့်လန့်မလုပ်နဲ့ ပါးရိုက်ခံရမယ်၊ မကျေနပ်ရင်တောခို’’ဟုလည်းကောင်း မကွေးခရီးစဉ်အတွင်းက ‘‘ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျွန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး’’ စသည့်အသုံးအနှုန်းများကို ဖြေရှင်းပေးရန် NLD အမတ်တစ်ဦး ဦးအောင်စိုးက ဖေဖော်ဝါရီလဆန်းတွင် လွှတ်တော်၌ အဆိုတင်သွင်းခဲ့သည်။

ပြည်သူလူထုအပေါ် ရုန့်ရင်းကြမ်းတမ်းသောစကားများ ပြောကြားခဲ့သည့် ပြည်ထောင်စုဝန်ကြီးကို အစိုးရက အရေးယူခြင်းမပြသည့်အပြင် အကာအကွယ်ပင်ပေးခဲ့သည်။

တစ်ချိန်တည်းတွင် လယ်ယာမြေအရေးဆောင်ရွက်သူများ၊ အစိုးရနှင့် အတိုက်အခံပြုလုပ်သူများ၏ ကြမ်းတမ်းသည့်စကားများကိုတော့ အမှုဖွင့်အရေးယူရန် အစိုးရက အမြဲလိုလိုအဆင်သင့် ဖြစ်နေခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၂ အတွင်းက ဒေသခံများအား ရဲတပ်ဖွဲ့ဝင်များ၏ လာဘ်စားမှုကို ထုတ်ဖော်ပြောကြားသဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှုဖြင့် အချိန်မဆိုင်းဘဲ ဖမ်းဆီးထောင်ချခဲ့သော်လည်း ဝန်ကြီးဦးအုန်းမြင့်၏ ပြောဆိုချက်များအတွက်မူ အစိုးရက ပြတ်ပြတ်သားသားကိုင်တွယ်ရန် ပျက်ကွက်နေကြောင်း တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်ကပြောသည်။

‘‘အစိုးရနဲ့ ထိပ်သီးပိုင်းကိုယ်၌ကိုယ်ကို သူတို့နဲ့ဆက်စပ်သော သူတို့နဲ့ပတ်သက်သောလူတွေ လုပ်သမျှအကုန်လုံးကို အခုအချိန်အထိ ပြတ်ပြတ်သားသား သေသေချာချာ အရေးယူနိုင်စွမ်းမရှိဘူး’’ဟု ဦးနေမျိုးဇင်က ဇန်နဝါရီအတွင်းက 7 Day News နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အစိုးရမီဒီယာနှင့် အရပ်သားပိုင်မီဒီယာ
ရာနှင့်ချီသောလူများ သေဆုံးခဲ့ပြီး ထောင်သောင်းချီသည့်အရပ်သားများ ဒုက္ခသည်အဖြစ်သို့ ရောက်ရှိခဲ့ရသည့် ရခိုင်ပြည်နယ် မတည်ငြိမ်မှုအရေးကို သတင်းများဖော်ပြရာတွင် သတိကြီးကြီးထားပြီးရေးသားရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြည်တွင်းသတင်းမီဒီယာများကို ၂၀၁၂ ဇွန်လ ၁၀ ရက် ညနေတွင် ခေါ်ယူသတိပေးခဲ့သည်။

ဝန်ကြီးချုပ်က အဓိကရုဏ်းကိစ္စရပ်များဖော်ပြရာတွင် အစိုးရမူဝါဒများကို ချိုးဖောက်ပါက ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်အရေးယူခံရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။

‘‘အခု(ရခိုင်)ကိစ္စကနေ မမျှော်မှန်းနိုင်တဲ့ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်’’ဟု ဦးမြင့်ဆွေကသတိပေးခဲ့သည်။

သို့သော်လည်း ပြည်တွင်းမီဒီယာများကို ခေါ်ယူသတိမပေးမီ ငါးရက်အလို ၂၀၁၂ ဇွန်လ ၅ ရက်က အစိုးရပိုင်သတင်းစာ၏ ထိလွယ်ရှလွယ်ရေးသားမှုကိုမူ
မည်သည့်သတိပေးအရေးယူမှုမျိုးမျှ မပြုလုပ်ခဲ့။

ထိုစဉ်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများကို ဖော်ပြရာတွင် ‘‘မူဆလင်ကုလား’’ဟူသော စကားရပ်ကိုသုံးနှုန်းခဲ့သည်။ အဆိုပါအသုံးအနှုန်းကြောင့် အစ္စလာမ်ဘာသာဝင်များ မကျေနပ်မှုများပေါ်ပေါက်စေခဲ့ပြီး အဆိုပါအချက်အပါအဝင် အခြားအကြောင်းအရာများကြောင့် ဗလီတက်သည့်အခါ ဘင်္ဂါလီများ၏ဒေါသအဟုန် ပိုမိုပြင်းထန်ခဲ့ကြောင်း ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်အစီရင်ခံစာကဖော်ပြသည်။

နောက်ပိုင်းတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ဖော်ပြခဲ့သည့် ပုဂ္ဂလိကသတင်းဂျာနယ်တစ်ခု တရားစွဲဆိုခံခဲ့ရသော်လည်း နယ်ပယ်အသီးသီးက ဝေဖန်ခဲ့ကြသည့် အစိုးရသတင်းစာ၏လုပ်ရပ်က ကင်းလွတ်ခွင့်ရခဲ့သည်။

အစိုးရအဆက်အနွယ်များနှင့် အရပ်သား
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် အာဏာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်တစ်ယောက် ၂၀၁၃ မတ်လအတွင်းက ရန်ကုန်တွင် ယာဉ်ထိန်းရဲတပ်သားကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အဆိုပါသတင်းကို အစိုးရဘက်က တစ်စုံတစ်ရာတုံ့ပြန်ခဲ့ခြင်းမရှိဘဲ ဗိုလ်ချုပ်မှူးကြီးဟောင်း၏မြေးဖြစ်သူကိုလည်း အရေးယူထားကြောင်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ တာဝန်ချိန်တွင် ကိုယ်ထိလက်ရောက်စော်ကားခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ယာဉ်ထိန်းရဲတပ်သား၏ သတင်းအစအနကိုပင် အစိုးရအရာရှိများက ဖြေကြားရန်ကြောက်ရွံ့နေခဲ့သည်။

‘‘အထက်အရာရှိတွေက ဘော်လီဘောပုတ်သလို ဒီမှာမရှိဘူး။ မသိဘူးပဲဖြေတယ်။ ခံရတဲ့သူကလည်း ကြောက်နေရှာတယ်’’ဟု အဆိုပါရဲတပ်သားနှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ခွင့်ရခဲ့သည့် သတင်းထောက်တစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်အပြီး တစ်နှစ်နီးပါးအကြာတွင် ယာဉ်ထိန်းတပ်ကြပ်ကြီးတစ်ဦး ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေစဉ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

ယခုတစ်ခေါက်တွင်တော့ ဗိုလ်ချုပ်မှူးကြီးဟောင်း၏ မြေးဖြစ်သူကိစ္စတုန်းကကဲ့သို့ ပြောကြားရန်ပင် ဆွံ့အနေခဲ့သည့်အစိုးရက ငြိမ်မနေတော့။ အပြန်အလှန်အမှုဖွင့်ခဲ့ပြီး မီဒီယာများသို့ပင် ထုတ်ဖော်ပြောကြားခဲ့သည်။

ပြည်သူများအား တရားဥပဒေကိုလိုက်နာရန် အမြဲတစေတိုက်တွန်းနေခဲ့သည့် သမ္မတဦးသိန်းစိန်၏ ငါးနှစ်ကြာအစိုးရသက်တမ်းရှိသည့်အနက် မကြာမီကာလအတွင်း သုံးနှစ်ပြည့်တော့မည်ဖြစ်သည်။ အထက်ပါအဖြစ်အပျက်များသည် အစိုးရသက်တမ်းသုံးနှစ်အတွင်း ဖြစ်ပွားခဲ့သည့်အခြေအနေဖြစ်သည်။

ယခုမတ်လကုန်တွင် ပြောကြားမည့် ရေဒီယိုမိန့်ခွန်း (သို့မဟုတ်) မြန်မာနှစ်သစ်ကူးမိန့်ခွန်း၌ ပြည်သူများ တရားဥပဒေကိုလေးစားလိုက်နာရန် သမ္မတက ထပ်ပြောကောင်းပြောလိမ့်မည်။ သို့သော် တစ်ချိန်တည်းတွင်လည်း အထက်ပါအကြောင်းအရာများက ရှိနေဆဲဖြစ်သည်။ သမ္မတက ဘာကြောင့် ပြောသလိုမပြတ်သားခဲ့ပါသလဲ။ မေးခွန်းများက ရှိနေဆဲဖြစ်သည်။

‘‘သမ္မတရဲ့အစိုးရအဖွဲ့မှာတော့ အန်တီမြင်တာတော့ သမ္မတတစ်ယောက်တည်းမဟုတ်ဘူးလို့ ထင်တယ်။ သမ္မတအခက်အခဲကို သမ္မတပဲသိနိုင်တယ်’’ဟု ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်ဖြစ်သူ ရသေ့တောင်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်ဒေါ်ခင်စောဝေကပြောသည်။

7Day News Journal