အပြောအဆို သတိပြုရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို သူရဦးရွှေမန်း သတိပေး

ပို့စ်တင်ချိန် - 3/12/2014 08:44:00 PM


နေပြည်တော်၊ မတ် ၁၁

လွှတ်တော် အစည်းအဝေးများအတွင်း ဝင်ရောက် ဆွေးနွေးစဉ် အပြောအဆို သတိပြုရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကို သတိပေး ပြောဆိုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

မတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဝင်ရောက် ဆွေးနွေးစဉ် ၎င်းကယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်သည်။

ဒေါ်တင်နွယ်ဦးက ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး “အခွန်ထမ်းတွေ အနေနဲ့ အခွန်ပညာရှင်တွေ မဟုတ်လို့ ဥပဒေကို ရှင်းလင်းစွာ နားလည် သဘောပေါက်ပြီးတော့ ကိုယ်တိုင် စည်းကြပ်မှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ အခု အခွန်များ သဘောကလည်း စည်းကြပ်တဲ့ သူကလည်း စာရင်းကို နားမလည်ဘူး၊ လာဘ်စားဖို့ပဲ နားလည်တယ်၊ အခွန်ထမ်းတဲ့ သူကလည်း စာရင်းနားမလည်ဘူး၊ ကိုယ့်စာရင်းကိုယ် ဘာရှိလို့ရှိမှန်း မသိဘူး၊ အဲဒါကြောင့် တိုင်းပြည်က အများကြီး နစ်နာတယ” ဟု ပြောဆို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဆွေးနွေး ပြောကြားမှုများသည် မလိုအပ်သည့်စကား၊ အထင်မှားစေသည့် စကားဖြစ်သဖြင့် လွှတ်တော်က တရားဝင် သတိပေးပါကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆို တားမြစ်ခဲ့သည်။

ယင်းသို့ ပြောဆိုမှုသည် စေတနာနှင့် ပြောဆိုခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အစွန်းမလွတ် ဖြစ်နေခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်စရာ ဖြစ်နေကြောင်း နာယကကြီး သူရဦးရွှေမန်းက ထပ်လောင်း ပြောကြားသည်။

“မနေ့ကလည်း အခုလိုပဲ၊ တိုင်းရင်းသားတွေကို ထိခိုက်တဲ့ အတွက်ကြောင့် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက ထပြီး ကန့်ကွက်ခဲ့တယ်။ အခုလည်း ခုနက ပြောလိုက်တဲ့ စကားကို ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်စရာတွေ ဖြစ်ပါတယ်၊ စေတနာကို လေးစားပါတယ်၊ ဒါပေမဲ့ မိမိရဲ့ အပြောအဆိုကိုလည်း သတိပြုဖို့ လိုပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး မတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ များတွင် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေး အတည်ပြုစဉ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးတို့၏ တင်ပြ ဆွေးနွေးမှုများအပေါ် ဒေါ်တင်နွယ်ဦးက မကြာခဏ ကန့်ကွက် ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

The Voice Weekly