ပုဂံရှိ ယွန်းလုပ်သားများကို ယွန်းကောလိပ်တွင် အချိန်ပိုင်း သင်တန်းပေးမည်

ပို့စ်တင်ချိန် - 3/02/2014 03:52:00 PM


မန္တလေး၊ မတ် ၁

ပုဂံဒေသ ဝန်းကျင်ရှိ ယွန်းလုပ်ငန်းများမှ မျိုးဆက်သစ် လူငယ်များကို နိုင်ငံတကာ ယွန်းအတတ်ပညာနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိစေရန်အတွက် ပုဂ္ဂလိက ယွန်းလုပ်ငန်းများရှိ လုပ်သားများကို ယွန်းပညာကောလိပ်မှ အချိန်ပိုင်း သင်တန်းပေးရန် အစီအစဉ်ရှိကြောင်း အသေးစား စက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငွေက ပြောကြားသည်။

ယွန်းအတတ်ပညာ သင်လိုသူများ အနေနှင့် တက်ရောက်လိုသည့် အချိန်နှင့် တက်ရောက်မည့် အရေအတွက် လိုအပ်ချက်ကိုသာ တင်ပြရန်လိုကြောင်း၊ သင်ကြားမှု အပိုင်းတွင် ယွန်းပညာ၏ လုပ်ငန်းခွင်နှင့် အပ်စပ်သည့် သင်ရိုးများနှင့် ဂျပန်နိုင်ငံရှိ ယွန်းနှင့် ပတ်သက်သော အတတ်ပညာ နည်းစနစ်များကိုပါ ပို့ချပေးရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အဲဒီအချိန်ပိုင်း သင်တန်းက နိုင်ငံခြား ယွန်းပညာတွေနဲ့ ရိုးရာ ယွန်းပညာတွေကို စမ်းသစ် တီထွင်နိုင်ဖို့ ဖွင့်ပေးတာပါ” ဟု ၎င်းကဆိုသည်။

ယွန်းပညာ ကောလိပ်မှ အချိန်ပိုင်း သင်တန်းများ ဖွင့်ရန် လိုအပ်လျှင် ဖွင့်ပေးရန် အဆင်သင့် ရှိနေကြောင်းနှင့် မင်းနန်သူနှင့် ဖွားစော အရပ်ရှိ ယွန်းလုပ်ငန်းများမှ တောင်းဆိုလာလျှင် ကောလိပ်တွင် သင်တန်းများ သွားရောက် ဖွင့်လှစ်၍ သင်ကြားပေးနေကြောင်း ပုဂံယွန်းပညာ ကောလိပ် ကျောင်းအုပ်ကြီး ဦးဝင်းဇော်စိုးက ပြောကြားသည်။

ပုဂံဝန်းကျင်ရှိ ယွန်းလုပ်ငန်းများသည် မိရိုးဖလာ ရိုးရာ လက်မှုလုပ်ငန်း ဖြစ်နေသဖြင့် ယွန်းပညာကို ငယ်စဉ် ကလေးဘဝမှ စ၍ မိဘ ဘိုးဘွားများက လက်ဆင့်ကမ်း၍ သင်ကြားလာကြောင်း၊ ယွန်းကောလိပ်မှ ဖွင့်လှစ်သည့် အချိန်ပိုင်း သင်တန်းကို ယွန်းလုပ်ငန်းခွင်ရှိ လုပ်သားများ သွားရောက် သင်ကြားခြင်း နည်းပါးကြောင်းနှင့် သွားရောက် သင်ကြားသည့် လူငယ်များသည် နိုင်ငံခြား ယွန်းပညာ နည်းစနစ်များ သိရန်အတွက်သာ သွားရောက် သင်ကြားကြကြောင်း ပစ်တိုင်းထောင် ယွန်းလုပ်ငန်းရှင် ဦးမောင်မောင်က ပြောဆိုသည်။

“ကျွန်တော်ဆိုရင် ယွန်းပညာကို ခြောက်နှစ်၊ ခုနစ်နှစ်သားက စပြီး ဘိုးဘွားတွေက ယွန်းမှာ သစ်စေး ဘယ်လို သုတ်ရတယ် ဆိုတာကို စသင်ပေးပါတယ်” ဟု မြင်းကပါ ကျေးရွာရှိ ယွန်းလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဦးလွင်ဦးက ဆိုသည်။

ယွန်းထည်လုပ်ငန်း အတတ်ပညာသင် ကျောင်းအမည်ဖြင့် မန္တလေးတိုင်း ဒေသကြီး ညောင်ဦး မြို့နယ်တွင် ၁၉၂၄ မှ စတင် ဖွင့်လှစ် ခဲ့ပြီး ယခုအခါ သမဝါယမ ဝန်ကြီးဌာန အောက်တွင် ယွန်းပညာ ကောလိပ်ကို ၂၀၀၃ ခုနှစ်မှ စ၍ ဖွင့်လှစ်ခဲ့သည်ဟု ယွန်းပညာ ကောလိပ်ထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly