စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်မည်ဟုဆို

ပို့စ်တင်ချိန် - 3/02/2014 04:09:00 PM




ပုသိမ်၊ မတ် ၁

ဧရာဝတီတိုင်းဒေသကြီးနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူ များကို ထောက်ပံ့နိုင်မည့် ဖောင်ဒေးရှင်းတစ်ခုကို ယခုနှစ်အတွင်း ထူထောင်မည် ဖြစ်ကြောင်း နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်က ပြောကြားသည်။

ငပုတောမြို့နယ် မော်တင်တောင်တွင် တည်ထားသော မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ထီးတော်တင် မင်္ဂလာ အခမ်းအနား၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဖောင်ဒေးရှင်း နာမည် ဘာဖြစ်မယ်။ ဘယ်ကဏ္ဍကို ကူညီဆောင်ရွက် ဖြစ်မယ်လို့တော့ ပြောလို့ မရသေးပါဘူး၊ ပညာရှင်တွေနဲ့ တိုင်ပင်နေတုန်းပဲ ရှိပါသေးတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မြတ်မော်တင် စေတီတော် ထီးတင်လှူပွဲ၌ ဦးမောင်ဝိတ်က စိန်ဖူးတော်နှင့် အလှူငွေ ကျပ် ၁၁ သိန်း လှူဒါန်းခဲ့သည့်အပြင် ထီးတင် အပြီးတွင်လည်း ငွေကျပ် ၁၂ သိန်းခန့်ကို ထီးတော်တင်ပွဲသို့ လာရောက်သူများထံ ကြဲချလှူဒါန်း ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“ကျွန်တော်က ပုသိမ်မှာ မွေးခဲ့တာပါ။ စီးပွားဖြစ်မြောက် အောင်မြင်တော့လည်း ပုသိမ်မှာပါပဲ။ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ပြီး စာမတတ်သေးဘူး စာသွားသင်ပါ ဆိုတော့လဲ ပုသိမ်က ကျောင်းတော်ကြီးမှာ ငါးနှစ်လောက် စာသင်ခဲ့ရပါတယ်။ ပုသိမ်အတွက်၊ ဧရာဝတီအတွက် ဘာမှ လုပ်မပေးနိုင်သေးတဲ့အတွက် မော်တင်ဘုရား ထီးတော်တင်ပွဲမှာ လှူဖြစ်သွားတာပါ” ဟု ဦးမောင်ဝိတ်က ဆက်လက်ပြောဆိုသည်။

စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်သည် ၂၀၀၈ ခုနှစ် နှစ်လယ်ပိုင်းက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနှင့် ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်မှု တို့ကြောင့် ထောင်ဒဏ် ၁၈ နှစ် ကျခံရမည် ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ရက်န့က ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ကြောင့် ပုသိမ်ထောင်တွင် ငါးနှစ်ခြောက်လသာ ကျခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။

ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်ကြီးကို သာသနာတော်နှစ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် တည်ထား ခဲ့ခြင်း ဖြစ်ရာ ရွှေတိဂုံ စေတီတော်မြတ်ကြီးထက် သုံးလခန့်စော၍ တည်ထားခြင်း ဖြစ်ပြီး မြတ်မော်တင် စေတီတော်ကြီးသည် ပင်လယ်နှင့် နီးကပ်စွာ တည်ရှိသဖြင့် ရာသီဥတု ဒဏ်ကြောင့် ထီးတော်ကို အကြိမ်ကြိမ် တင်လှူပူဇော် ခဲ့ရကြောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ငွေက ပြောကြားသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတွင် ထီးတော် ကျိုးပျက်ခဲ့သဖြင့် အသစ်ပြန်တင်ထားခြင်း ဖြစ်ပြီး ယခု ထီးတော်ကို ကြေးဖြင့် ပြုလုပ်ထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း၂၀၁ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ဘုရားဖူး ပြည်သူများ အဆင်ပြေစေရန် ပုသိမ်မြို့တွင် မော်တော်ယာဉ်များနှင့် ရေယာဉ်များ စီစဉ်ပေးထားကြောင်း ပွဲတော် ကျင်းပရေး ဦးစီးကော်မတီထံမှ သိရှိရသည်။
The Voice Weekly