ကျူးလို့ကျော်လို့ လွယ်မယ် ထင်သလား

ပို့စ်တင်ချိန် - 3/02/2014 08:08:00 PM


[ Satire ]
ဒီမယ် ကိုယ့်လူတို့ ...
ခင်ဗျားတို့လည်း ကြားမှာပဲ။ အခုတလော ကျူးကျော်တွေ အကြောင်းပေါ့။
နေရာလွတ်တွေမှာ ကျူးကြတဲ့ အကြောင်းတွေ၊ ကျူးကျော်တွေကို အင်အားသုံး ဖယ်ရှားတဲ့ အကြောင်းတွေ။ သတင်းစာတွေ ဂျာနယ်တွေ ထဲလည်း ပါနေတာပဲ။

အချို့ကတော့ ထင်မယ်။
ကျူးကျော်ဖြစ်ရင် အစိုးရက မြေနေရာ ပြန်ပေးမယ်၊ အခွင့်အရေး ဘာညာ ရမယ်ပေါ့။

ဒီမယ် ...
ကိုယ့်လူတို့ ကျူးကျော် ဖြစ်ချင်တိုင်း ဖြစ်မယ်လို့များ ထင်နေလား။
မဖြစ်ဘူး ကိုယ့်လူ။

ခင်ဗျားတို့ကတော့ ထင်မယ်။
မြေကွက် အလွတ်မှာ ဝါးတဲထိုးပြီး ဓနိမိုးလိုက်ရင် ကျူးကျော် ဖြစ်သွားမယ်ပေါ့။
မထင်နဲ့ ကိုယ့်လူ။
ဒီလောက် လွယ်မယ်လို့ ထင်သလား။

ပထမဆုံး ခင်ဗျား ကျူးကျော် ဖြစ်ဖို့အတွက် ခင်ဗျားမှာ နေစရာ လုံးဝ မရှိမှ ဖြစ်လိမ့်မယ်။ ရန်ကုန်မြို့မှာ တစ်လ တစ်သိန်း ဝန်းကျင်နဲ့ အိမ်ငှားနေဖို့ မတတ်နိုင်တဲ့လူ ဖြစ်ရမယ်။ အိမ်ငှားခ ရှိနေသေးရင်တော့ ကျူးမနေဘူး။ ဒီလို အိမ်ငှားခ မတတ်နိုင်ရုံနဲ့ ကျူးကျော် ဖြစ်သွားမယ်များ ထင်သလား။
မဖြစ်ဘူး ကိုယ့်လူရေ။

ခင်ဗျားက ဆွေမရှိ မျိုးမရှိ ဖြစ်ရင်ဖြစ်။ မဟုတ်ရင် ခင်ဗျား ဆွေမျိုးတွေကလည်း ခင်ဗျားလို နေစရာ မရှိတဲ့လူ ဖြစ်နေမှ ကျူးလို့ရမှာ ကိုယ့်လူ။ မဟုတ်ရင် ခင်ဗျား ဆွေမျိုးတွေက နေစရာ အလကား ပေးပြီး ခင်ဗျား အတင်း ပြောနေဦးမှာ။ နောက်ပြီး ခင်ဗျားမှာ ချမ်းသာတဲ့ အပေါင်းအသင်း ကောင်းကောင်း ရှိရင်လည်း ခင်ဗျားကို ကူညီစောင်မပြီး ပိုက်ဆံတွေ ဘာတွေချေးရင် ကျူးကျော်ဖြစ်မှာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားမှာ နေစရာမရှိ၊ ပိုက်ဆံမရှိ၊ ဆွေမရှိ၊ မျိုးမရှိ၊ အပေါင်းအသင်း မရှိမှ ကျူးကျော် ဖြစ်လို့ရမှာ။

ကျူးကျော်ဖြစ်ဖို့ ပထမ အဆင့်ကိုတော့ ပြောပြီးပြီ။ ဘယ်မှာ ကျူးမလဲဆိုတာ ရွေးဖို့လိုတယ်။
ခင်ဗျား ဘာအလုပ်လုပ်လဲ။ ခင်ဗျားကျူးတဲ့ နေရာမှာ ခင်ဗျား အလုပ်နဲ့ နီးဖို့လည်း လိုတယ်။ မနီးတောင်မှ ကားခ သက်သက်သာသာနဲ့ သွားလို့ ရမှဖြစ်မယ်။ ကလေး ကျောင်းထားဖို့တို့ ဘာတို့ကတော့ သိပ်အရေးမကြီးပါဘူး။ နေစရာမှ မရှိတာ။ စာတတ်လည်း ကျူးရမှာပဲ၊ မတတ်လည်း ကျူးရမှာပဲ မဟုတ်လား။

လောလောဆယ် ခင်ဗျားမှာ အထက်ပါ အချက်အလက်တွေ ပြည့်စုံနေပြီ ဆိုပါစို့။ ခင်ဗျား ကျူးတော့မယ် ကျော်တော့မယ်။ ကျူးစရာ ကျော်စရာ နေရာလည်း တွေ့ပြီ။ ခင်ဗျားလို ကျူးကျော်နေတဲ့ လူတွေလည်း အဲ့မှာ ရှိနေပြီ။ ဒါဆိုရင် ခင်ဗျားလည်း ဝင်ပြီး တဲထိုးနေဖို့ပဲ ရှိတော့တာပေါ့။

ဒါပေမဲ့ ဒီလောက် လွယ်မယ် ထင်သလား။

ခင်ဗျား တဲဝင်ထိုး နေလိုက်တော့ ခင်ဗျားရဲ့တဲ အဖျက်ခံရမှာပဲ။ ဘယ်သူဖျက်မယ်လို့ ထင်လဲ။ အာဏာပိုင်တွေ ဖျက်မယ်လို့ ထင်သလား။ မှားသွားမယ် ကိုယ့်လူ။

ခင်ဗျား ကျူးချင်တိုင်း ကျူးလို့ရမယ် ထင်သလား။ မှားသွားမယ်။
အဲ့ဒီ မြေလွတ်ကို ပွဲစားလုပ်တဲ့ လူရှိတယ်။

ခင်ဗျားကို အဲ့နေရာမှာ ကျူးချင်ရင် ပိုက်ဆံ ပေးရမယ်။ မပေးရင် မရဘူး။ ခင်ဗျားတဲကို ဖျက်လိမ့်မယ်။ ခင်ဗျားတဲကို ဖျက်မယ့်အုပ်စု ရှိတယ်။ ပိုက်ဆံမပေးရင် ဖျက်မယ်ဆိုတဲ့ အုပ်စုပေါ့လေ။ ဘာပါတီက ညာပါတီကလို့ ပြောလိမ့်မယ်။

ခင်ဗျားကိုတော့ “ပိုက်ဆံပေး” လို့တောင်းမှာ မဟုတ်ဘူး။
ဒီနေရာမှာ နေဖို့ လျှောက်လွှာ တင်ရမယ်။ လျှောက်လွှာကြေး တစ်သောင်း ပေးရမယ်။ ဒါဆို နေလို့ရပြီ။ “နည်းနည်းကြာရင် ခင်ဗျားပိုင်တဲ့မြေတောင် ဖြစ်ဦးမှာ” လို့ ပြောလိမ့်မယ်။ သူ့ကိုတော့ လက်ဖက်ရည်ဖိုးလေး ဘာလေး ပေးပေါ့။ ခင်ဗျားကလည်း နေစရာမရှိတော့ သူတို့တောင်းတဲ့ ငွေလေး ပေးလိုက်တယ်။

တဲထိုးပြီ။
နေလို့ရပြီ။
ခင်ဗျားတို့မိသားစု နေကြပြီ။

ခင်ဗျားတို့ ရောက်ပြီး တစ်ရက်မကြာခင်မှာပဲ လျှောက်လွှာကြေး တစ်သောင်းပေးပြီး တဲလာထိုးကြတဲ့ လူတွေကို ခင်ဗျား တွေ့ရလိမ့်မယ်။ နည်းနောနော မဟုတ်ဘူး။ အများကြီးရယ်။

ဒါပေမဲ့ ဒီတဲတွေမှာတော့ လူမနေကြဘူး။ ဒါကြောင့် ခင်ဗျား စုံစမ်းကြည့်လိုက်တဲ့ အခါမှာ မြို့ကလူတွေ နေရာလာဦးတာလို့ ခင်ဗျား ကြားရလိမ့်မယ်။ ကျူးကျော်တဲ့ လူတွေကို အစိုးရ မြေနေရာ ပြန်ပေးရင် သူတို့လည်း အိမ်လည်း ပါတဲ့အတွက် နေရာရအောင်လို့ ဆိုပဲ။
ဒီတော့ ခင်ဗျား တအံ့တသြ ဖြစ်မယ်။
ဒီလို လူမျိုးတွေလည်း ရှိမယ်လို့ပေါ့။

ခင်ဗျားကျူးတဲ့ နေရာမှာ တကယ်နေတဲ့လူက တစ်ရာ။ လူမနေဘဲ တဲလာထိုး ထားတဲ့လူက တစ်ထောင်လောက် ရှိနေတာကို ခင်ဗျား တွေ့လိမ့်မယ်။

သူတို့က ခင်ဗျားထက် လည်တယ်။ သူတို့ တဲတွေမှာ အခြေခံဥပဒေမှာ ပါတဲ့ စာပုဒ်တချို့ကို ဗီနိုင်းထုတ်ပြီး ကပ်ထားတယ်။ “နိုင်ငံသားတိုင်း မည်သည့်နေရာတွင် မဆို ဥပဒေနှင့်အညီ နေခွင့်ရှိသည်” တို့ ဘာတို့ပေါ့။

မကြာခင်မှာပဲ ခင်ဗျားတဲ အဖျက် ခံရတော့တာပါပဲ။
ဒီတစ်ခါ ဖျက်တာကတော့ ခင်ဗျား တစ်သောင်း ပေးထားတဲ့ လူတွေက ဖျက်တာ မဟုတ်တော့ဘူး။ အာဏာပိုင်တွေ လာဖျက်တာပဲ။ စစ်တပ်ပိုင်မြေမှာ ကျူးနေရင်လည်း စစ်တပ်က လာဖျက်မှာပဲ။ အစိုးရပိုင်မြေမှာ ကျူးရင် စည်ပင်တွေ လာဖျက်မယ်။

ခင်ဗျား အေးအေးဆေးဆေး အဖျက်ခံလိုက်ပါ။
ခင်ဗျား ကလန်ကဆန် လုပ်မယ်ဆိုရင် ခင်ဗျား အဖမ်းခံရလိမ့်မယ်။ ပိုင်နက်ကျူးလွန်မှုတွေ ဘာတွေပေါ့။

အာဏာပိုင်တွေက ခင်ဗျားအိမ်ကို ဖျက်လိုက်ပြီ ဆိုပါစို့။
ခင်ဗျား ဘယ်နား သွားနေမလဲ။ ဘယ်နား သွားသေမလဲ။
ရန်ကုန်မှာ သေဖို့အတွက် ကျော်သူက ကူညီပေမယ့် နေဖို့အတွက် ကူညီသူ မရှိသေးဘူး။

ဒီတော့ ခင်ဗျား ထပ်ပြီး စုံစမ်းတယ်။
ဘယ်နားမှာ ကျူးကျော်လို့ ရဦးမလဲပေါ့။

ရွှေပြည်သာတို့၊ လှိုင်သာယာတို့မှာ လယ်ကွက်တွေကို စက်မှုဇုန် လုပ်ဖို့ဆိုပြီး အိုးအိမ်က သိမ်းထားတာတွေ ရှိတယ်။ အိုးအိမ်က သိမ်းပြီး ကုမ္ပဏီကို ပြန်ရောင်းတယ်။ ကုမ္ပဏီက အကွက်ရိုက်ပြီး စက်ရုံဆောက်မယ့် လူကို ပြန်ရောင်းတယ်။ သိန်းထောင်သောင်းချီတဲ့ မြေကွက်တွေပေါ့။

အဲ့မြေကွက်တွေက အခု လွတ်နေတယ်။ အဲ့မှာ ကျူးလို့ ရတယ်။ ဒါပေမဲ့ အဲ့မှာကျူးမယ် ဆိုရင်တော့ သိန်းနဲ့ချီပြီး ပိုက်ဆံပေးရမယ်။ ဘယ်သူကို ပေးရတာလဲဆိုတော့ အထက်က ပြောခဲ့တဲ့အတိုင်း ကျောင်းသား ပါတီလိုလို၊ ဒေါင်းပါတီလိုလိုက လူတွေလို။ တကယ်တော့ အဲ့ပါတီက လူတွေလည်း မဟုတ်ပါဘူး။ လူမိုက်တွေရယ်ပါ။

သိန်းထောင်ချီတန်တဲ့ မြေမှာ တစ်သိန်း ပတ်ဝန်းကျင်လောက် ပေးပြီး ခင်ဗျားကျူးပြီ။
ခင်ဗျား စိတ်ချမ်းသာစွာ နေရမယ်လို့ ထင်သလား။

မြို့နယ် အုပ်ချုပ်ရေးမှူးက ကျူးထားတဲ့ အိမ်တွေ ဖျက်ဖို့ အမိန့်ထုတ်မယ်။
တစ်ခါ ...
နှစ်ခါ ...
ကိုယ်တိုင် မဖျက်ရင်တော့ စည်ပင်ကလူတွေ၊ အာဏာပိုင်တွေ ကိုယ်တိုင်လာပြီး ဖျက်တော့တာပဲ။
ဘူဒိုဇာတွေတောင် ပါချင် ပါမှာ။

အခုတော့ ခင်ဗျား သိန်းချီပေးပြီး ကျူးထားတဲ့ အိမ်လေး အဖျက်ခံလိုက်ရပြန်ပြီ။ ခင်ဗျားကို ဘယ်ပါတီက၊ ညာပါတီက ဆိုပြီး မြေကွက် ရောင်းခဲ့တဲ့ လူတွေကတော့ ခင်ဗျားအိမ် အဖျက်ခံရတာ ဂရုတောင်စိုက်မှာ မဟုတ်ဘူး။

သူတို့မြေကွက် ရောင်းတာကို တိုင်မလား။
သူတို့ကို ဘယ်သူမှ မဖမ်းရဲဘူး။ သူတို့က အကောင်ကြီးတွေနဲ့ ပိုင်တယ်လေ။

ဒီတော့ ခင်ဗျားမှာ နေစရာ မရှိပြန်ဘူး။
ဘယ်လိုလုပ်မလဲ။ ထပ်ပြီး ကျူးကျော်ဖို့ နေရာ ရှာနေရဦးမှာပဲ။
ဘယ်နားကျူးမလဲ။

ဒီတစ်ခါ ခင်ဗျား ကျူးကျော်ချင်တယ် ဆိုရင်တော့ သစ်ပင်တွေမရှိတော့တဲ့ ရိုးမတောထဲမှာ ကျူးကျော်ဗျာ။ သစ်တောဥပဒေ နဲ့တော့ အဖမ်းခံနိုင်တာပေါ့။ သစ်ပင်မှ မရှိတော့တာ။ သစ်တောက လူတွေကလည်း ခင်ဗျား လာနေတာကို ဂရုစိုက်မယ် မထင်ပါဘူး။ အလုပ်ကတော့ ဘယ်ရှိမလဲ။ သစ်ပင်တွေ မရှိတော့တဲ့ တောထဲမှာ ခုတ်ထွင်ရှင်းလင်းပြီး တစ်ခုခု စိုက်စားပေါ့ဗျာ။

ခင်ဗျားအိမ်ကို လာမဖျက်လောက်ဘူး လို့တော့ ထင်မနေနဲ့ဦး။
ခင်ဗျား အိမ်အောက်မှာ သတ္တုသိုက် ရှိနေရင်ဖြစ်ဖြစ်၊ စစ်တပ် တိုးချဲ့ရင်ဖြစ်ဖြစ် ခင်ဗျားအိမ် အဖျက်ခံနေရဦးမှာပဲ။

စိုပြေ (သံချောင်းပါတီ)
The Voice