ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု ခံရသည့် မြန်မာ အလုပ်သမား ၅၀ ကျော် မွန်ပြည်နယ်သို့ လွှဲပြောင်း

ပို့စ်တင်ချိန် - 3/02/2014 04:25:00 PM


မော်လမြိုင်၊ မတ် ၁

ထိုင်းနိုင်ငံသို့ အလုပ် သွားလုပ်ကြရာမှ လူကုန်ကူးခြင်းနှင့် ကြုံတွေ့ခဲ့ရသည့် မြန်မာ အလုပ်သမားများကို ထိုင်းလူကုန်ကူးမှု ထိန်းသိမ်းရေး ဂေဟာများမှ တစ်ဆင့် မွန်ပြည်နယ်သို့ လွှဲပြောင်းပေးခဲ့ရာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိ ၅၆ ဦး ရှိပြီဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၉) မှ ဒုတိယရဲမှူးကြီး သန်းတင့်က ပြောကြားသည်။

လူကုန်ကူး ခံရသူများ အနက် မွန်ပြည်နယ်မှ အမျိုးသမီး ငါးဦးနှင့် ကလေး ခြောက်ဦး ပါဝင်ပြီး မြန်မာနိုင်ငံ ဒေသ အသီးသီးတွင် နေထိုင်ကြသည့် အလုပ်သမား များလည်း ပါဝင်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်လည်း လူကုန်ကူး ခံရသူ ၁၄ ဦး ထိုင်းလူကုန်မှု ဂေဟာများမှ တစ်ဆင့် မွန်ပြည်နယ်သို့ ပြန်လည် ရောက်ရှိခဲ့ဖူးသည်ဟု ၎င်းကဆိုသည်။

“တစ်ဖက်နိုင်ငံမှာ လူကုန်ကူး ခံရတယ်ဆိုတာ အမျိုးမျိုးရှိတယ်။ လိင်ပိုင်းဆိုင်ရာ ပတ်သက်လို့ အဓမ္မ လိင်အလွဲသုံးစား လုပ်ခံရတာ။ မိန်းကလေးတွေ ဆိုရင် ပြည့်တန်ဆာခန်းမှာ ရောင်းစားပြီးတော့ အဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းတာ။ တရားမဝင် အလုပ် သွားရှာတဲ့ သူတွေဆို ပွဲစားနဲ့ တွေ့ပြီး ငါးဖမ်း စက်လှေမှာ ရောင်းစားခံရတာ မျိုးတွေ ရှိတယ်။ အဲဒီလို ဖြစ်ပြီဆိုရင် ထိုင်းက ဂေဟာတွေမှာ အကူအညီ တောင်းပြီး အဲဒီမှာပဲ တရားစွဲကြတာ” ဟု ၎င်းက ရှင်းပြသည်။

ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှု မဖြစ်ပွားစေရန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၌ မွန်ပြည်နယ်ရှိ ဟိုတယ်နှင့် တည်းခိုခန်း ၃၃ လုံးမှ ပိုင်ရှင်များနှင့် မန်နေဂျာများကို လူကုန်ကူးမှု တားဆီးရေးအတွက် အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း ဟိုတယ် လုပ်ငန်းရှင် အချို့က ပြောဆိုသည်။

အဆိုပါ ဟောပြောပွဲတွင် ကလေး သူငယ်များ၏ အခွင့်အရေး ဆိုင်ရာကို World Vision (Myanmar) က ဟောပြောခဲ့ပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေနှင့် ပတ်သက်၍ ပညာပေး ဟောပြောမှုကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဟောပြောခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

ထိုင်းနိုင်ငံ Pathumthani အမျိုးသား ဂေဟာနှင့် Credtrakam အမျိုးသမီး ဂေဟာတွင် ထိန်းသိမ်းထားသော လူကုန်ကူး ခံရသည့် မြန်မာ အလုပ်သမားများကို မွန်ပြည်နယ်သို့ လွှဲပြောင်းပေးခဲ့ရာ ၂၀၁၃ ခုနှစ်တွင် လူကုန်ကူး ခံရသူ ၈၄ ဦး ရှိပြီး၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားခဲ့သော မြို့နယ် ၄၂ ခုတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပါဝင်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

The Voice Weekly