Video call နှင့် အခြား တန်ဖိုးမြင့် ဝန်ဆောင်မှုများကိုပါ ထည့်သွင်းပေးမည်ဟု တယ်လီနောဆို

ပို့စ်တင်ချိန် - 3/02/2014 11:54:00 PM




Written by စ ချိုကို

ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်တွင်း မိုဘိုင်း အော်ပရေတာ တယ်လီနောက ပေးမည့် မိုဘိုင်းဝန်ဆောာင်မှုများတွင် အခြေခံ အသံစနစ် ဝန်ဆောင်မှုများအပြင် အခြား Value Added (တန်ဖိုးမြင့် ဝန်ဆောင်မှု)များကို ထည့်သွင်းဝန်ဆောင်မှု ပေးမည်
ဖြစ်သည်ဟု အာရှဒေသဆိုင်ရာ တယ်လီနော အဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Sigve Brekke က မတ် ၃ရက်က တယ်လီနော မြန်မာ ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ဖွင့်ပွဲတွင် ပြောသည်။

ထိုဝန်ဆောင်မှုများတွင် MMS ၊ Vocie Mail ၊ Call Forward ၊ Call Waiting ၊ Video Calling နှင့် အခြား ဝန်ဆောင်မှုများ ပါဝင်လာမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Mr.Sigve Brekke က “ Voice Mail လို ဆားဗစ်အပြင် အခြေခံ ဝန်ဆောင်မှု စနစ်တွေ အားလုံးသုံးနိုင်မှာပါ။ ကျေးလက် ဒေသ အနေအထားအထိ အင်တာနက် အသုံးပြုနိုင်ဖို့လည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီကျေးလက်က လူတွေ အင်တာနက် အသုံးပြုနိုင်တဲ့ ဈေးနှုန်းမျိုးလည်း ဖြစ်နိုင်အောင် ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ၊ ပညာရေးနဲ့ မိုဘိုင်း ငွေပေး
ချေမှု စနစ်တွေကိုလည်း ထပ်မံဝန်ဆောင်မှု ပေးသွားနိုင်မှာပါ” ဟုပြောသည်။

အဆိုပါ တိုးမြှင့်ဝန်ဆောင်မှုများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသုံးပြုခွင့် မပေးသေးသော MMS ၊ Video Calling စသည့် ဝန်ဆောင်မှုများ ပါဝင်လာနိုင်မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် video Calling စနစ်များနှင့် MMS စနစ်များကို ဝန်ဆောင်မှု မပေးနိုင်ခြင်းမှာ နည်းပညာ အခက်အခဲကြောင့် ဖြစ်နိုင်သည်ဟု ပြည်တွင်း မိုဘိုင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Communication မှ အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က သုံးသပ်ပြောကြားသည်။

ဦးကျော်နိုင်က “အဲဒီ တန်ဖိုးမြင့် ဝန်ဆောင်မှု ဆားဗစ်မှာ Server ထိုင်ပြီး အဲဒီ့ပေးမယ့် Applicationကို Run လိုက်တယ်။ မြန်မာ့ ဆက်သွယ်ရေးက Video call Service နဲ့ အခြား တန်ဖိုးမြင့် ဝန်ဆောင်မှုတွေကို မပေးနိုင်သေးတာက အဓိက နည်းပညာ အခက်အခဲတွေ ကြောင့်ပါ။ မကြာခင်တော့ အဲဒီ ဝန်ဆောင်မှု တွေကိုမြန်မာ့ ဆက်သွယ်ရေးဘက်ကလည်း တိုးမြှင့် ဝန်ဆောင်
ပေးနိုင်မှာပါ။ တယ်လီနောက အခုမှ စတင် အခြေချမှာဆိုတော့ ကွန်ယက် စတင်တည်ဆောက်အသုံးပြုပြီး ခြောက်လအတွင်းမှာ Video Call စနစ်ကို စတင် ဝန်ဆောင်မှု ပေးလာနိုင်မယ် ထင်ပါတယ်”ဟုဆိုသည်။

ဆက်လက်၍ ယင်းက “ GSM စခန်းတွေ ဆက်သွယ်ရာမှာ ဖိုက်ဘာဆက်သွယ်မှုက ၈ဝ ရာခိုင်နှုန်းလောက်အထိ ရှိလာရင်တော့ Video Call စနစ်ကို ကောင်းကောင်း ဝန်ဆောင်မှု ပေးလာနိုင်မှာပါ ” ဟု သုံးသပ်ပြောကြားသည်။

တယ်လီနောက မိုဘိုင်းဆင်းကတ်များ များကို စက်တင်ဘာ နောင်ပိုင်းတွင် စတင် ဖြန့်ချိရောင်းချကာ ဝန်ဆောင်မှု ပေးဖွယ်ရှိနေ ပြီး 2G နှင့် 3G ဝန်ဆောင်မှုကို စတင်ပေးသွားမည်ဖြစ်သည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furbergeက ပြောသည်။

Mr.Petter က “ မြန်မာနိုင်ငံမှာ ရှိတဲ့ သူတွေကို ဝန်ဆောင်မှု ပေးရာမှာလည်း တခြားနိုင်ငံတွေထက် ဈေးမြင့်တာမျိုးမဟုတ်ဘဲ တန်းတူ ဖြစ်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ နဲ့ ဈေးနှုန်းသက်သာဖို့ကိုအဓိကထားပြီး လုပ်ဆောင် ပေးမှာပါ ” ဟု ပြောသည်။

တယ်လီနော၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ကို ရန်ကုန်မြို့ အမှတ် ၄ဝ ၊ စက်မှု (၁) လမ်းတွင် မတ် ၂ ရက်က တရားဝင်ဖွင့်လှစ်လိုက် ပြီ ဖြစ်သည်။

Mizzima - News in Burmese