မူနှစ်ခုသာ လိုသော မြန်မာ

ပို့စ်တင်ချိန် - 3/15/2014 05:48:00 PM


Written by  ဇေယျသူ
သယံဇာတနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံသည် မူနှစ်မျိုးသာ ကျင့်သုံးရန် လိုသည်။
No နှင့် Yes။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာတို့ကို ပိုင်သထားသည်။ အခြားအခြားသော ဘူမိဗေဒ ပညာရှင်တို့သာ နားလည်ကျွမ်းဝင်သည့် သတ္တု ဒြပ်စင်တို့လည်း ကိန်းအောင်းနေသည်။ ရေသယံဇာတ၊ ကျွန်း၊ မြေကြီး တို့လည်း အားလုံး သိကြသည့်အတိုင်း။ ယနေ့ ဝင်လာမစဲ တသဲသဲသော၊ လာဆဲ လာမည့် လာလတ္တံ့သော နိုင်ငံခြား ပုဂ္ဂိုလ်အပေါင်းတို့က သဘာဝ သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံဟု အသိအမှတ်ပြုကာ ထိုသယံဇာတ တို့ကို သွားရည်ကျကြခြင်းက မြန်မာနိုင်ငံ သယံဇာတ ပေါကြွယ်ဝကြောင်းကို သက်သေပြသည်။

ထိုသို့ သဘာဝ သယံဇာတ ပေါကြွယ်ဝသောကြောင့် မြန်မာနိုင်ငံကို အလားအလာ ကောင်းသော နိုင်ငံအဖြစ် ခေတ်အဆက်ဆက်တွင် အဆက်ဆက်သော ပညာရှင် မျိုးဆက်တို့က အလိုအလျောက် သတ်မှတ်ခဲ့ကြသည်။ သို့သော် “ထင်သာထင် မဝင်ဘူး ကျောင်းအမရေ” ဆိုသကဲ့သို့ပင် မြန်မာနိုင်ငံသည် မဖွံ့ဖြိုး မတိုးတက်ဘဲ အများနောက်တွင် ကျန်ရစ်သည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံသည် သဘာဝ သယံဇာတကြောင့်ပင် မဖွံ့ဖြိုး မတိုးတက်လေရော့ သလားဟု ထင်စရာ ဖြစ်လာသည်။

သဘာဝ သယံဇာတ ပိုင်ဆိုင်သော နိုင်ငံသည် အမွေရလိုက်သော သားသမီးတို့နှင့် တူသည်။ မိဘအမွေကို အဆင်သင့် ရလိုက်သဖြင့် ကြိုးစားရန် မလို၊ ရလိုက်သည် တို့ကို သုံးရင်းဖြုန်းရင်း ကုန်သွားသည့်ပုံ။ သဘာဝ သယံဇာတ ကြွယ်ဝသော အာဖရိကနိုင်ငံ အများအပြား သည်လည်း နိုင်ငံမွဲ စာရင်းဝင်များ ဖြစ်ကုန်ကြသည်။ ထို့ကြောင့် သဘာဝ သယံဇာတ ကြွယ်သလောက် မွဲသော နိုင်ငံများကို သဘာဝ သယံဇာတ ကျိန်စာသင့်သော နိုင်ငံများဟူသော အယူအဆ ပေါ်လာသည်။

သဘာဝ သယံဇာတ ကင်းမဲ့သော ချို့တဲ့သော နိုင်ငံများကို တစ်ချိန်က သနားစရာများ အဖြစ် မြင်ခဲ့ကြသော်လည်း သူတို့ထဲမှ ထိပ်ရောက်လာသော နိုင်ငံများ ရှိလာသည်။ မြန်မာတို့ အနီးတစ်ဝိုက်မှ စင်ကာပူသည် သယံဇာတ ဆို၍ ရေကိုပင် မလေးရှားမှ တင်သွင်းရသော်လည်း ကြိုးစား ရုန်းကန်သဖြင့် အောင်မြင်လာခဲ့သည်။ မိမွေဖမွေ မရလိုက်သောကြောင့် ကိုယ့်အားကိုယ်ကိုး ရသော သားသမီးတို့ အားကုန်ထုတ်ရင်း ကြီးပွားလာသလိုပင် စင်ကာပူသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ ချည်းဖြစ်သော အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးပြီး နိုင်ငံအဆင့် ရောက်အောင် နှစ် ၃၀ လောက်နှင့် ချီတက်နိုင်ခဲ့သည်။ သဘာဝသယံဇာတ မွဲလေသမျှ လူသားသယံဇာတ ချမ်းသာအောင် အသိစိတ်ဖြင့် ကြိုးစားလာသော ကျွန်းနိုင်ငံငယ်လေး စင်ကာပူကို ကမ္ဘာအရပ်ရပ်က လေးစားရသည်။

ခပ်ဝေးဝေးသို့ လှမ်းကြည့်လိုက်လျှင် သဲကန္တာရတွင်းတွင် ရန်သူများ ဝိုင်းနေသော နိုင်ငံပိစိကွေး အစ္စရေး၊ နှင်းဖုံးတောင်တန်းများ ကြားမှ ကုန်းတွင်းပိတ် နိုင်ငံငယ် ဆွစ်ဇာလန် တို့သည်လည်း သဘာဝ သယံဇာတ မွဲသလောက် ထက်ထက်မြက်မြက် ရှိကြသည့် လူစွာ နိုင်ငံများ ဖြစ်သည်။ သူတို့ အောင်မြင်ရခြင်း လျှို့ဝှက်ချက်မှာ သဘာဝသယံဇာတ မရှိခြင်း ဖြစ်သည်။ မှီစရာ ခိုစရာ သဘာဝ သယံဇာတ မရှိသောကြောင့် ကိုယ့်အားကိုယ်ကိုးရန်မှ တစ်ပါး သူတို့တွင် ရွေးစရာ လမ်းမရှိရာမှ ယခုဘဝသို့ ရောက်ကြရခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် သူတို့လို အောင်မြင်လိုလျှင် သူတို့လို လိုက်လုပ်ရန် လိုသည်။ ထိုနည်းမှာ ရှိနေသော သဘာဝ သယံဇာတများကို မေ့ပစ်လိုက်ရန်၊ သဘာဝ သယံဇာတများ ကိုယ့်နိုင်ငံတွင် လုံးဝမရှိဟု ယူဆလိုက်ရန် ဖြစ်သည်။ လူသား သယံဇာတကိုသာ အပတ်တကုတ် ကြိုးစားမြှင့်တင်ရင်း အခွင့်အလမ်းကောင်း များကို ရှာဖွေတီထွင် ဖန်တီးခြင်းဖြင့် နိုင်ငံကို ထမ်းတင်ရန် ဖြစ်သည်။
အချုပ်ပြောရလျှင် သဘာဝ သယံဇာတများကို ငြင်းလိုက်ပါ။ အင်္ဂလိပ်လို “Say No to natural resources”။

သို့သော် နောက်တစ်မျိုး စဉ်းစားရန် လိုပါသည်။ သဘာဝ သယံဇာတများ ရှိခြင်းသည် အပြစ်မဟုတ်ပါ။ သဘာဝ သယံဇာတများ ရှိခြင်းသည် နိုင်ငံတိုင်း မရနိုင်သော ဆုလာဘ်ဖြစ်ပြီး သဘာဝ သယံဇာတ ကြွယ်ဝသော နိုင်ငံတိုင်း မွဲသည်မဟုတ်ကြောင်း အမေရိကန်၊ တရုတ်၊ ဘရာဇီး၊ ကနေဒါ၊ သြစတြေးလျတို့သည် ကမ္ဘာ့သဘာဝ သယံဇာတ အကြွယ်ဝဆုံး နိုင်ငံများ စာရင်းတွင် နံပါတ်တစ်မှ တစ်ဆယ်အတွင်း ဝင်သည်ကို ကြည့်လျှင် သိနိုင်သည်။ ကြိုးစားသည်ချင်း တူလျှင် မိဘအမွေ ရထားသူက အခွင့်အလမ်း ပိုသာစမြဲ။ သဘာဝ သယံဇာတသည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် သဘာဝ သယံဇာတကို အားအဖြစ် ယူပြီး ရှေ့သို့ မည်သို့ တက်လှမ်းရမည်ကို စနစ်တကျ မူဝါဒချမှတ် ဆောင်ရွက်သင့်သည်။

မြန်မာ့သဘာဝ ဓာတ်ငွေ့များကို ဈေးကောင်းကောင်း ရအောင် မည်သို့ ရောင်းချမည်၊ ရလာသော ငွေများကို မည်သည့် နေရာများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံမည်၊ ပြည်တွင်းတွင် သုံးမည် ဆိုကလည်း မည်သို့ ထိရောက်အောင် သုံးစွဲမည်၊ ကျောက်စိမ်း၊ ပတ္တမြားတို့ကို မည်သို့ တန်ဖိုးမြှင့်မည်၊ ဈေးကွက် မိမိထံ ရောက်အောင် မည်သို့ လုပ်ဆောင်မည်၊ သစ်ကို အလုံးလိုက် မရောင်းဘဲ ပရိဘောဂ၊ လူသုံးကုန် စသည်ဖြင့် မည်သို့ တန်ဖိုးမြှင့်မည်၊ မြေလွတ် မြေရိုင်းများကို မည်သို့ အသုံးချမည် စသော မေးခွန်းများကို စနစ်တကျ ဖြေဆိုသင့်ပါပြီ။ အချုပ်ပြောရလျှင် သဘာဝ သယံဇာတတို့၏ ပိုင်ရှင်ဖြစ်ကြောင်း လက်ခံကာ အခွင့်အလမ်းတို့ကို အကောင်းဆုံး အသုံးချရန် ဖြစ်သည်။
Say Yes to natural resources!

သို့သော် သစ်များကို နောင်တွင် အလုံးလိုက် တင်ပို့ရောင်းချခွင့် မရတော့မည် စိုးသောကြောင့် အလျင်စလို တင်ပို့နေသည် ဟူသော သတင်းမျိုးသည် No သင့်သည်ကို Yes လုပ်ခြင်း၊Yes သင့်သည်ကို No ဟန်ဆောင်နေခြင်း မျိုးသာ ဖြစ်သည့်အတွက် သဘာဝ သယံဇာတကို ယခုထက်ထိ အသုံးမချ တတ်သေးဟုသာ ဝမ်းနည်းဖွယ် ကောက်ချက် ဆွဲရပါမည်။ ကျောက်စိမ်း၊ မြေလွတ်မြေရိုင်း၊ ရေ၊ လေ စသော ကိစ္စများကိုလည်း အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ရန် အားနည်း နေပါသေးသည်။

သဘာဝ သယံဇာတနှင့် ပတ်သက်လျှင် Yes နှင့် No သာ လိုပါသည်။

The Voice