အောင်စာရင်း ကပ်သည့်နေ့ - ဆောင်းပါး

ပို့စ်တင်ချိန် - 4/19/2014 01:53:00 PM


အောင်ကျော်ညို (ဆင်ချဆိပ်)

ယနေ့အခြေခံပညာကျောင်းများတွင် စာမေးပွဲအောင်စာရင်းများကို Black board မှာ ကပ်ပြီးကြေညာသည်။ အခြေခံပညာ ကျောင်းတိုင်းမှာ တရုန်းရုန်းနှင့်ဖြစ်နေကြသည်။ စာမေးပွဲအောင်၍ ပျော်ကြရသည်။ စာမေးပွဲ ကျသူများ မျက်ရည်နှင့်မျက်ခွက် တရှုပ်ရှုပ်နှင့် အောင်စာရင်း လာကြည့်ရာတွင် ကျောင်းသားတွေထက် မိဘတွေက ပိုသည်ဟု ဆိုနိုင်သည်။ တစ်နှစ်တာလုံး ငွေကုန်ကြေးကျခံကာ အားခဲလာခဲ့သမျှ အဆုံးအဖြတ်ပေး သည့်နေ့တွင် သဲသဲလှုပ်လှုပ်ဖြစ်နေကြသည်မှာ သဘာဝကျသည်ဟု ဆိုရမည်။

သဘာဝမကျသည်မှာ တချို့မိဘများသည် သားသမီးများကို လူပုံအလယ်မှာ အော်ငေါက်ဆဲဆို။ တချို့ လက် ပါလိုက်သေးသည်။ စာမေးပွဲ ကျသည့်ကလေးခမျာ မိအေးနှစ်ခါနာ အဖြစ်မျိုး၊ သူငယ်ချင်းတွေ အောင်ကြသည်။ သူမအောင် စာမေးပွဲကျ၍ ဝမ်းနည်း ရသည်။ မိဘလုပ်သူက အော်ငေါက်ရိုက်နှက် အရှက်ရရသည်။ တချို့ ကလေးများရှိုက်ကြီးတငင်နှင့် မြင်ကွင်းမကောင်းပါ။

လူတိုင်းမှာ မာနကိုယ်စီရှိကြစမြဲ။ ပညာရှင်တစ်ဦးက မာနကို ထိုက်မာနနှင့် မိုက်မာနဟူ၍ နှစ်မျိုးခွဲပြထားသည်။ ရှိရင်း စွဲမာနကို အတ္တက မျက်မှန်စိမ်းတပ်ပေးလိုက်သောအခါ အမြင်အာရုံများ တစ်ဖက်စောင်းနင်းဖြစ် သွားရ သည်။ လွှမ်းခြုံအမြင် အားနည်းသွားသည်။ အမြင်အာရုံဘောင် ကျဉ်းသွားသည်။ ဤသို့ဖြင့် မိုက်မာနဖြစ် သွားရသည်။ မိုက်မာနပိုင်ရှင်များသည် အရာရာတွင် ကိုယ့်ဆန္ဒ တစ်ခုတည်း ကိုချည်း ရှေ့တန်းတင်သည်။ တစ်ဖက်၏ ဆန္ဒဖြစ်နိုင်ခြေ လွတ်လပ်မှုများ ကိုအလေးမထား တတ်ကြ။ အထူးသဖြင့် မိဘနှင့် သားသမီးကြား ပညာရေး မြင်ကွင်းများ၊ မိမိဖြစ်စေချင်သည့် ဆန္ဒတစ်ခုတည်းနှင့် သားသမီးများပညာရေးကို တွန်းတွန်း တိုက်တိုက် လုပ်တတ်ကြသည်။ ကလေးတစ်ယောက်၏ ရပိုင်ခွင့် အခွင့်အရေးများကို အလေးမမူ၊ ဂရုမစိုက်၊ ဥပေက္ခာပြုခဲ့ကြသည်။

ကလေးများအားလုံးမှာ လေ့လာသင်ယူခွင့်အပြင် ကစားခွင့်နှင့် ရှင်သန်ဖွံ့ဖြိုးခွင့်များရှိကြသည်။ ဤအခွင့် အရေးများသည် ငါ့သား၊ ငါ့သမီးဟူသည့်မိဘများ၏ မောင်ပိုင်စီးမှုအောက်မှာ လေ့လာသင်ယူခွင့်တစ်ခုမှ အပ ကျန အခွင့်အရေးများ ပျောက်ကွယ်ဆုံးရှုံးခံနေကြရသည်။ ပညာသင် ယူစဉ်ကာလ ကစားချိန်၊ နားချိန်မရှိ နံနက် မိုးသောက် မှသည် ညအိပ်ရာ ဝင်ချိန်ထိ စာ နှင့် ဖိထားနှိပ်စက်ခံနေကြရသည်။ စာမှအပအခြားမည်သည့် အလုပ် ကိုမျှ မလုပ်ရ။ ကျောင်း၊ အိမ်၊ ကျူရှင်၊ စာကျက်ဝိုင်း၊သံသရာလည်ရင်းသူတို့လေးတွေ သံပတ် ရုပ်က လေးတွေလို သွားလာလှုပ်ရှားရှိနေကြရရှာသည်။ သားသမီးများပညာရေးအတွက် တတ်နိုင်သည့် မိဘများ ကငွေကို ပုံအောကြသည်။ မတတ်နိုင်ဟုဆိုလည်း မိမိသားသမီးပညာရေးတွင်သီးသန့်ဝိုင်း မထားပေး နိုင်သော် လည်း ကျူရှင်တစ်ခုလောက်တော့ ကြိုးစားပမ်းစားရှိနေတတ်ကြသည်။ ဤသို့ အားခဲလာသမျှ အောင်စာရင်း ထွက်သည့် နေ့တွင် မှန်းချက်နှင့်နှမ်းထွက် မကိုက်ဖြစ်လာသောအခါ ဒေါသ ဟူသမျှ ကလေး ထံစုပြုံရောက်သွားရသည်။

တချို့ကလေးများ အောင်ကြသည်။ သို့သော် A ခန်း၊ B ခန်းမရကြ။အောင်ပါ လျက် မိဘအဆူခံကြရသည်။ မိမိ၏ ကလေးဘက်ကို မငဲ့၊ မိမိဆန္ဒ တစ်ခုတည်းနှင့် မိဘတချို့၏ မိုက်မာနများ။ ဤသို့ဆူလိုက်၊ ရိုက်လိုက်နှင့် စိတ်လွတ်လက်လွတ် ရှိနေမှုများသည် မူလတန်းအဆင့်မှာ ပြဿနာမရှိနိုင်လည်း အလယ်တန်းအဆင့်၊ အထူးသဖြင့် ရှစ်တန်း၊ ကိုးတန်းကလေးများ အတွက်ကား မဖြစ်သင့်။ဆင်ခြင်သင့်သည်။ ထိုသို့မဟုတ်ပါက ကလေးများ ရှက်ရမ်းရမ်းတတ်သည်။ ထွက်ပေါက်ရှာလာ တတ်သည်။ ကောင်းသော ထွက်ပေါက်ဖြစ်မလာနိုင်ပါ။ နောက်ဆုံးမှာ ဘ၀တစ်သက်တာလုံး ယူကျုံး မရ ဝမ်းနည်းစရာအဖြစ်မျိုးထိ ကြုံတွေ့ရနိုင်ပါသည်။

ကြုံကြိုက်တုန်း မိမိအသိ သူငယ်ချင်းတစ်ဦး အကြောင်း ပြောလိုသည်။ အဖေလည်းသူ၊ အမေလည်းသူ ဘ၀နှင့် ကလေး သုံးယောက်ကို ထိန်းကျောင်း လျက် ပင်ပင်ပန်းပန်း ရုန်းကန် လာခဲ့ရ သည်။ ခြောက်တန်းကျောင်း သား အငယ်ဆုံး သားလေး အောင်စာရင်း ကပ်သည့်နေ့ သားငယ်နှင့်အတူ သွားကြည့်သည်။ သားငယ် စာမေးပွဲ ကျသည်။ ကလေးခမျာမျက်စိ မျက်နှာပျက်၊ အဖေ၏ အဆူအရိုက်ခံရမည် စိုးရွံ့နေရှာသည်။ မိမိ၏ သူငယ် ချင်းမှာ သူ့သားငယ်ကို မရိုက်ရုံအပြင် အပြုံးမပျက် ပခုံးဖက်ရင်း အားပေးစကားတောင် ပြောလိုက် သေးသည်။

သားငယ်စာမေးပွဲကျတာ ငါ့ဘက်ကလည်း အားနည်းချက်ရှိနေလို့ပေါ့ကွာ။ ငါ့ကိုယ်နှိုက်ကလည်း အလုပ် တစ်ဖက်နဲ့ ဆိုတော့ အချိန်မပေးနိုင်တာလည်း ပါတာပေါ့။ သူလည်း စာမေးပွဲကျတော့ ဘယ်စိတ်ကောင်း ပါ့မလဲ။ လောလောဆယ် သားငယ်အတွက် လုပ်ပေးနိုင်တာ ဒါပဲရှိတယ်လေကွာမိမိအသိ ၏ အမြင်နှင့် ခံစား ချက်ကို ရှင်းပြ သွားသည်။ မိဘတိုင်း သားသမီးများကို ဆင်စီး မြင်းရံသည် ကိုမြင် ချင်ကြသည်။ တင့်တောင့် တင့်တယ် ဖြစ်စေချင်ကြသည်။ ထို့ကြောင့်လည်း မိဘတိုင်းက သားသမီးများ ပညာရေးကို ရှေ့တန်းတင်ကြသည်။

သို့သော် ဖြစ်ချင်သလို၊ ဖြစ်သင့်သလို ဖြစ်မလာသည့်အခါမျိုးတွင် မိမိ အသိ သူငယ်ချင်း၏ အမြင်မျိုးကိုလည်း စဉ်းစား၍ရအောင် ပညာရှိ သတိဖြစ်ခဲ ရေးလိုက်ရပါသည်။ ။

MOI Webportal Myanmar