၈၈မျိုးဆက် ဦးကိုကိုကြီး မင်္ဂလာဆောင် အမြတ်ရရှိခြင်း မဟုတ်ဟု ကိုမြအေး ရှင်း

ပို့စ်တင်ချိန် - 4/19/2014 10:13:00 AM


ရန်ကုန်၊ မဇ္ဈိမ။           ။ ၈၈မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သည့် ဦးကိုကိုကြီး မင်္ဂလာဆောင်တွင် အမြတ်ငွေ သုံးဆကျော်ရရှိခဲ့သည်ဟု မကြာခင်ရက်ပိုင်းက အွန်လိုင်းစာမျက်နှာတစ်ချို့တွင် သတင်းများ ပျံ့နှံ့ခဲ့ခြင်းမှာ မှန်ကန်မှုမရှိဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက ပြောဆိုရှင်းလင်းသည်။

ဦးကိုကိုကြီး၏ မင်္ဂလာပွဲအတွက် ကျပ်သိန်း ၅၀၀ကုန်ကျခဲ့ပြီး မင်္ဂလာပွဲအပြီးတွင် ထိုငွေကြေးအပြင် ကျပ်သိန်း ၁၇၃၈ ရရှိခဲ့သည်ဟု အင်တာနက်စာမျက်နှာတွင် ရေးသားထားခြင်းကို ကိုမြအေးက ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသည်  ကလေးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ အမတ်ဟောင်း၏ သမီးဖြစ်သူ မခင်သူသူဝင်းနှင့် ဧပြီလ ၆ရက် တွင် ရန်ကုန်မြို့ Sky Star Hotel တွင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မင်္ဂလာဧည့်ခံပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမား ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အနုပညာရှင်များ တက်ရောက်ခဲ့သည်။

၈၈ ကျောင်းသားမျိုးဆက် တစ်ဦးဖြစ်သည့် ကိုမြအေးက မိမိတို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအနေဖြင့် ၂၀၁၂ ခုနှစ်တွင်း ပြုလုပ်ခဲ့သည့် စေတနာ ၀ဿန်ပွဲမှ ရရှိခဲ့သည့် သိန်း ၂၆၀၀ ကျော် မတည်ကာ ရပ်တည်နေခြင်းဖြစ်ပြီး ဘတ်ဂျတ်မလုံလောက်မှုများပင် ရင်ဆိုင်နေရသည်ဟု လူမှုကွန်ယက်တွင် ပြောဆိုထားသည်။

ကိုမြအေးက “ ရုံးမှာ နေ့ညအချိန်မရွေး လုပ်ပေးနေတဲ့ ညီငယ်ညီမငယ်တွေကို လစဉ်ထောက်ပံ့ နေတဲ့ တစ်သိန်းခွဲကိုတောင် ရပ်ဖို့ စဉ်းစားနေရတာပါ၊ ထောင်တွေ အလီလီကျနေတဲ့ နိုင်ငံရေးသမားတွေမှာ မိသားစုကျောထောက်နောက်ခံ မကောင်းရင်ဘယ်လို ပြေလည်မှာလဲ” ဟု ဆိုသည်။

မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည့် Sky Star Hotel မှာ ဦးကိုကိုကြီးတို့ မိသားစုမှ  ငွေကြေးဖြင့်သာ အပြီးအစီး ဆောင်ရွက်ခဲ့ပြီး မည်သည့် ထောက်ပံ့ကြေးမှ မယူထားကြောင်း၊ ငွေပေးချေထားသည့် ဘောင်ချာလတ်မှတ်များ ရှိကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ရှင်းလင်း ပြောဆိုသည်။

ဦးကိုကိုကြီးနှင့် မခင်သူသူဝင်းတို့သည်လည်း မတ်လ ၂၁ရက်ကလည်း ကလေးမြို့ နဂါးရွှေစင်ခန်းမတွင် ပြုလုပ်ခဲ့သေးသည်။ မခင်သူသူဝင်းသည် ကလေးမြို့မှ ဒေါက်တာသိန်းဝင်း +ဒေါ်ကြည်ကြည်မြင့် (ရတနာပုံထီဆိုင်)တို့၏ သမီးအငယ်ဆုံဖြစ်သည်။

Mizzima Burmese