ခြေသလုံးဒဏ်ရာကြောင့် မက်ဒရစ်သို့ ဟာဇက်လိုက်ပါနိုင်ရန် မရေမရာဖြစ်နေ

ပို့စ်တင်ချိန် - 4/19/2014 01:46:00 PM


ချယ်လ်ဆီးအသင်း တောင်ပံတိုက်စစ်သမား အီဒင်ဟာဇက်သည် အက်သလက်တီကို မက်ဒရစ်နှင့် ရင်ဆိုင်မည့် ချန်ပီယံလိဂ် ပွဲစဉ်အမီ ကြံ့ခိုင်မှု ပြည့်ဝလာစေရန် ရုန်းကန်နေရဆဲဟု သိရှိရသည်။

အသက်(၂၃)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင်သည် စနေနေ့တွင် ဆန်းဒါးလန်းနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်ကို သေချာပေါက် လွဲချော်မည် ဖြစ်သည်။ ခြေသလုံးကြွက်သား ဒဏ်ရာ ရရှိထားသည့် ဟာဇက်၏ အနေအထားကို မိမိတို့ စောင့်ကြည့်နေဆဲဖြစ်ပြီး စပိန်သို့ သွားရောက်မည့် ခရီးစဉ်အတွက် အာမခံချက် မပေးနိုင်သေးကြောင်း ချယ်လ်ဆီး လက်ထောက်နည်းပြ စတိဗ်ဟော်လန်က ပြောကြားခဲ့သည်။ ၎င်းက ဟာဇက်အနေဖြင့် အက်သလက်တီကိုနှင့် ပွဲစဉ်အတွက် အချိန်မီ ကစားနိုင်ရန် ရုန်းကန် အားထုတ်ရလိမ့်မည်ဟု ဆိုသည်။

“ခုချိန်ထိ ဟာဇက် လေ့ကျင့်ခန်း မဆင်းနိုင်သေးပါဘူး။ ဒါပေမဲ့ အင်္ဂါနေ့ ပွဲစဉ်မှာ သူလုံးဝ မပါဝင်နိုင်ဘူး ဆိုတာမျိုးတော့လည်း ကျွန်တော်တို့ မျက်နှာမလွှဲနိုင်သေးဘူး”ဟု ဟော်လန်က မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ဟာဇက်ကို ကြည့်ရတာ ပြန်ကစားနိုင်ဖို့ နီးစပ်နေပါပြီ။ ဒါပေမဲ့ တစ်နေ့ချင်းစီ အတွက်ပဲ လတ်တလောမှာ စဉ်းစားနေရဆဲပါ။ အင်္ဂါနေ့အတွက် သူ့ကို ကျွန်တော်တို့ အသုံးပြုနိုင်ဖို့တော့ စိတ်ကူးထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအတွက်ဆိုရင် သူဟာ အသင်းနဲ့ လျင်လျင်မြန်မြန် ပြန်လေ့ကျင့်နိုင်ဖို့ လိုနေပါပြီ”ဟုလည်း ပြောကြားခဲ့သည်။

ဟော်လန်က “ပုံမှန်အစီအစဉ်အရ ဆိုရင်တော့ ပွဲတစ်ပွဲ မတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်တွေမှာ မပါဝင်ဘဲ ကစားသမား တစ်ယောက်ကို ဝင်ကစားခွင့်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အက်သလက်တီကိုနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ဆိုရင် ဟာဇက်ဟာ အသင်းနဲ့အတူ အနည်းဆုံး တစ်ရက်၊ နှစ်ရက်တော့ လေ့ကျင့်နိုင်ဖို့ လိုပါတယ်။ သူ့မှာ လောလောဆယ် ခြေသလုံးဒဏ်ရာ ရှိနေပါတယ်။ ခြေသလုံး အောက်ပိုင်းမှာပါ။ ခြေဖနောင့်နားထိ ရောက်နေတဲ့ နေရာပါ။ ပြောရရင် ပုံမှန်တွေ့မြင်နေကျ ခြေသလုံး ဒဏ်ရာမျိုး မဟုတ်ပါဘူး”ဟုလည်း ရှင်းပြသွားသည်။

Soccer Myanmar