လက်ပံတောင်း တောင်ကြားစေတီနှင့် လယ်တီသိမ်တော်အား ပြောင်းရွှေ့ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ပို့စ်တင်ချိန် - 4/19/2014 10:33:00 AM


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
ဆားလင်းကြီး၊ ဧပြီ ၁၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ တောင်ကြားစေတီနှင့် လယ်တီခဏ္ဍသိမ်းတော်အား ကြေးနီသတ္ထုသိုက်ဗဟိုချက်နေရာနှင့် ကင်းလွတ်ခြင်းမရှိဟုဆို ကာ အခြားနေရာသစ်သို့ ပြောင်းရွှေခြင်းလုပ်ငန်းများအား စတင်ဆောင်ရွက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ် သံဃာ့နာယက ဥက္ကဌ ကံဆွယ်ကျောင်းတိုက်ရှိ သံဃာတော်တစ်ပါးမှ မဇ္ဈိမသို့ မိန့်ကြားတော်မူသည်။
“ လယ်တီခဏ္ဍသိမ်တော်အဟောင်းနေရာမှာ သိမ်နုတ်ခြင်းကံဆောင်ပွဲနဲ့ အသစ်ပြောင်းရွှေ့မဲ့နေရာမှာ သိမ်သမုတ်ကံ ဆောင်ခြင်းတို့ကို ဆရာတော်ကြီးတွေက ပြုလုပ်ပြီးပါပြီး..” ဟု အဆိုပါ သံဃာတော်မှ ဆက်လက်၍ မိန့်ကြားတော်မူခဲ့ သည်။
အဆိုပါ လက်ပံတောင်း တောင်ကြားစေတီနှင့် လယ်တီခဏ္ဍသိမ်တော် နေရာပြောင်းရွှေ့ရေးလုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ မနက် ၅ နာရီခွဲအချိန်က ဆားလင်းကြီးမြို့နယ် သံဃာ့နာယက ဥက္ကဌ ကံဆွယ်ကျောင်းတိုက်ဆရာတော် ဥူးကောဝိဒ အားအမှူးပြု၍ ကြေးနီးတူးဖော်ရေးကုမ္မဏီ၏ ပင့်သံဃာ (၂၅) ပါးတို့သည် ထိုနေ့မနက် ၇ နာရီ ၄၅ မိနစ်မှ ၉ နာရီ ၄၅ မိနစ်အချိန်ထိ တောင်ကြားစေတီနှင့် လယ်တီခဏ္ဍသိမ်တော် ပေါ်တွင် သိမ်နုတ်ကံဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိမ်နုတ်ကံဆောင်ခြင်းအား ပါဝင်ဆောင်ရွက်ခဲ့သည့် ဘွဲ့အ မည်မဖော်ပြလိုသည့် ဆရာတော်ကြီးတစ်ပါးမှ မိန့်ကြားတော်မူခဲ့သည်။
“ ဘုန်းကြီးတို့ အဲ့ဒီမှာ သိမ်နုတ်ကံဆောင်တဲ့အခါ ပင့်သံဃာ(၂၅)ပါးဖြစ်တယ်..။ နောက်ထပ် သံဃာနှစ်ပါး ထပ်ပြီး ရောက်လာတယ်..။ နောက်တိုးသံဃာနှစ်ပါးကတော့ ဆားလင်းကြီးမြို့နယ် တောင်ပေါ်ကျောင်းဆရာတော်တို့ ဖြစ်ပါ တယ်..။ စုစုပေါင်းသံဃာ(၂၇)ပါးပေါ့..” ဟု အဆိုပါ ဘွဲ့အမည်မဖော်ပြလိုသည့် ဆရာတော်ကြီးမှ ဆက်လက်၍ မိန့် တော်မူခဲ့သည်။
ထို့နောက် ဆားလင်းကြီးမြို့နယ် သံဃာ့နာယက ဥက္ကဌ ကံဆွယ်ကျောင်းတိုက်ဆရာတော် ဥူးကောဝိဒ အားအမှူးပြု ၍ ကြေးနီးတူးဖော်ရေးကုမ္မဏီ၏ ပင့်သံဃာ (၂၇ ) ပါးတို့သည် ထိုနေ့ညနေ ၅ နာရီ ၅ မိနစ်မှ ၈ နာရီ ၁၀ မိနစ်အ ချိန်ထိ တောင်ကြားစေတီနှင့် လယ်တီခဏ္ဍသိမ်တော် အသစ်ပြောင်းရွှေ့မည့်နေရာတွင် သိမ်သမုတ်ကံဆောင်ခြင်း၊ သိမ်အောင်ပွဲမင်္ဂလာ အခမ်းအနားအား ဆက်လက်၍ ကျင်ပခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်သမုတ်၊ သိမ်နုတ်ကံဆောင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်၊ သာသနာ့ရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်း၊ တိုင်းဒေသကြီး သာသနာ့ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦး စိုဝင်း၊ အမှတ်(၉)ရဲတပ်ရင်း ရင်းစုမှူး ရဲမှူးကြီး ၀င်းဘို၊ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးတင်မိုး၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် စီမံကိန်းတာဝန်ခံ ဗိုလ်မှူးကြီး(ငြိမ်း) ဦးလှစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် ဆားလင်းကြီးမြို့၊ တောင်ပေါ်ကျောင်းဆရာတော်နှင့် မုံရွာမြို့ ဥက္ကံတောရ ကျောင်းတိုက်မှ ဆရာတော် ၎င်း ဆရာတော်နှစ်ပါးသည် နေရပ်အသီးသီးသို့ ပြန်လည်ကြွသွားခဲ့ပြီးနောက် ဆား လင်းကြီးမြို့နယ် သံဃာ့နာယက ဥက္ကဌ ကံဆွယ်ကျောင်းတိုက်ဆရာတော် ဥူးကောဝိဒ အားအမှူးပြု၍ ကြေးနီးတူး ဖော်ရေးကုမ္မဏီ၏ ပင့်သံဃာကျန် (၂၅ ) ပါးတို့သည် တောင်ကြားစေတီနှင့် လယ်တီခဏ္ဍသိမ်တော်ရှိရာ နေရာ ဟောင်းသို့ ထပ်မံကြွရောက်တော်မူခဲ့ပြီး သိမ်နုတ်ကံဆောင်ခြင်းများ ထပ်ထံပြုလုပ်ခဲ့သေးကြောင်း လုံခြုံရေးရဲတပ်ဖွဲ့ ၀င်တစ်ဦးမှ ပြောပြသည်။
“ တောင်ကြားစေတီနဲ့ သိမ်တော်ရှိတဲ့နေရာကို အခုဆိုရင် မြန်မာအလုပ်သမားတွေ ၀င်ခွင့်မရကြဘူးလို့ပြောပါတယ်..။ အဲ့ဒီမှာ နိုင်ငံခြားသား ကုမ္မဏီဝန်ထမ်းတွေဘဲ ၀င်ရောက်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်..” ဟု ၀က်မှေးကျေးရွာ ဟောင်နေ မဖြူဖြူဝင်းမှ ပြောပြသည်။
“ နိုင်ငံရေးအရရောဖြစ်စေ..၊ ဘာသာရေးအရရောဖြစ်စေ ဒီကိစ္စစောနေသေးတယ်လို့ အန်တီတို့ကမြင်ပါတယ်။ စုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာ အပိုဒ် ၈၅ ၊ အပိုဒ်ခွဲ(၆)အရ တင်ပြပေးထားခဲ့ပြီးပြီ။ အခုချိန်မှာရွှေ့မယ်ဆိုရင်တော့ အဲ့ဒီအချက်နဲ့ မညီဘူးလို့ဘဲပြောရမှာပေါ့ ..” ဟု ဥပဒေပညာရှင် တစ်ဦးလည်းဖြစ်၊ လက်ပံတောင်းတောင် စုံးစမ်းစစ် ဆေးရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ မဇ္ဈိမသို့ ပြောသည်။
လက်ပံတောင်း တောင်ကြား တောရစင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊သိမ်ကျောင်း၊ စသည့် ဗုဓ္ဒ သာသနိက အဆောက်အအုံများသည် သတ္ထုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံး များကို ကွင်းရှောင်ပြီး ကြေးနီသတ္ထု တူးဖော်ထုတ်လုပ်မည်ဆိုလျင်လည်း ယင်းအဆောက်အအုံးများ၏ ကြံ့ခိုင်တည်မြဲ မှုကို ဧကန်မုချ ထိခိုက်နိုင်မည်ဖြစ်ကြောင်းတို့ကြောင့် အဆိုပါ လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်း မြေနေရာနှင့် ၎င်း အပေါ်ရှိ ဗုဓ္ဒသာသနိက အဆောက်အအုံများကို လုံဝ ထိခိုက်ပျက်စီးစေမှုမရှိဘဲ လက်ရှိအနေအ ထားများအတိုင်း အခြားသင့်လျော်မည့် နေရာတစ်ခုခုသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း လက်ပံတောင်းတောင် စုံးစမ်းစစ် ဆေးရေးကောက်မရှင်၏ အပိုဒ် ၈၅၊ အပိုဒ်ခွဲ(၆)တွင် သုံးသပ်တင်ပြထားကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း