ချယ်ဆီးနှင့် စာချုပ်သစ် ချုပ်ဆိုရန် နီးစပ်နေသည့် ဂျွန်တယ်ရီ

ပို့စ်တင်ချိန် - 4/19/2014 02:00:00 PM


လာမည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း ချယ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အသင်း လက်ထောက် နည်းပြ စတိဗ်ဟော်လန်က ပြောကြားလိုက်သည်။

ယခုနှစ် ဘောလုံးရာသီတွင် ချယ်ဆီး၌ ခြေစွမ်းကောင်း ပြသနိုင်ခဲ့သည့် တယ်ရီသည် လိဂ်ပွဲ ၃၂ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်း၏ ပေးဂိုးမှာလည်း ၃၄ ပွဲတွင် ၂၄ ဂိုးသာ ရှိခဲ့သည်။

ထို့နောက် အသက် ၃၃ နှစ်အရွယ် တယ်ရီသည် ချယ်ဆီး၏ စာချုပ်သစ်တစ်ရပ်ဖြင့် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့သော်လည်း စာချုပ်သစ် လုပ်ခလစာမှာ လက်ရှိ လုပ်ခလစာထက် ထက်ဝက်သာ ရှိကြောင်း သိရသည်။

ထို့အပြင် ဟော်လန်က ကစားသမားနှင့် ကလပ်အသင်းအကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်ဆိုသည့် ခန့်မှန်းပြောကြားမှုများကို ငြင်းဆိုသွားခဲ့ပြီး အသင်း၏ ဝါရင့်ကစားသမားများ ဖြစ်သည့် အက်ရှ်လေကိုးလ်နှင့် ဖရန့်ခ်လမ်းပတ် တို့ကိုလည်း စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

“ဂျွန်အနေနဲ့ ဒီနှစ်မှာ အကောင်းဆုံး ခြေစွမ်းပြသခဲ့ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ် စံချိန်ကို ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့တာပါ။ သူဟာ လိဂ်ပွဲ အားလုံးနီးပါး ပါဝင်ကစားနိုင်ခဲ့ပြီး အသင်းရဲ့ ခံစစ်ပိုင်းမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နိုင်ခဲ့ပါတယ်။ ဂျွန်အနေနဲ့ ချယ်ဆီးမှာ ဆက်နေချင်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ချယ်ဆီးကလည်း ဂျွန်ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ဒါကြောင့် လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး လမ်းပတ်နဲ့ ကိုးလ်တို့ကိုလည်း စာချုပ်သစ် ချုပ်ဆိုဖို့ရှိပါတယ်။ သူတို့ဟာ အသင်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့သူတွေပါ။ သူတို့အပေါ်မှာ လေးစားမှု အပြည့်ရှိပါတယ်” ဟု ဟော်လန်က ဆိုခဲ့သည်။

တယ်ရီသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလက အင်္ဂလန် ကစားသမား အဖြစ်မှ အနားယူခဲ့သူ ဖြစ်သည်။ ၎င်းသည် ၁၉၉၈ ခုနှစ်မှ စတင်ကာ ချယ်ဆီးအတွက် စတင်ကစားခဲ့သူ ဖြစ်ပြီး လက်ရှိတွင် အသင်းအတွက် ပွဲ ၆၀၀ ကျော် ကစားထားသူ ဖြစ်သည်။

Ref: SkySports
Soccer Myanmar