ရီးယဲလ်မက်ဒရစ် စပိန်ကိုပါဒယ်ရေးဖလား ရရှိပြီးနောက် တစ်နှစ်တည်းဖလားသုံးလုံးရရှိရန် ဂါးရတ်ဘေးလ် ပစ်မှတ်ထားနေ

ပို့စ်တင်ချိန် - 4/19/2014 01:59:00 PM


စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပြိုင်ဘက်ဘာစီလိုနာအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ စပိန်ကိုပါဒယ်ရေးဖလားရယူဆွတ်ခူးခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် လာလီဂါပြိုင်ပွဲတို့ တွင်လည်းဖလားမျှော်လင့်နိုင်မည့် အနေအထားတွင်ရှိနေခြင်းကြောင့် ယခုနှစ်တစ်နှစ်တည်း ဖလားသုံးလုံး ရရှိရန် ရီးယဲလ်မက်ဒရစ်အသင်း၏ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကစားသမားဖြစ်သူ တိုက်စစ်မှူး ဂါရတ်ဘေးလ်က ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။

ဝေလတိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ဗလန်စီယာ၌ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ကိုပါဒယ်ရေး ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်ကဘာစီလိုနာကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ခဲ့သည့်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိစပိန်ကိုပါဒယ်ရေးဖလားကိုရယူဆွတ်ခူးထားသည့်အပြင် လာလီဂါ အမှတ်ပေးဇယားတွင် မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်အောက် သုံးမှတ်အကွာဖြင့် ဒုတိယနေရာ ၌ရပ်တည်နေပြီး လာလီဂါလက်ကျန်ပွဲ ငါးပွဲကစားရန်ကျန်နေသည်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ် အသင်းနှင့် ယှဉ်ပြိုင်ကစားရရန်လည်း ရှိနေသေးသည်။

တိုက်စစ်မှူးဂါရတ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူလာလီဂါပွဲစဉ် ၂၅ ပွဲ၊ ချန်ပီယံလိဂ်ပွဲစဉ် ကိုးပွဲ၊ စပိန်ကိုပါဒယ်ရေးဖလားပွဲစဉ်လေးပွဲ စုစုပေါင်း ၃၈ ပွဲပါဝင်ကစားပေးခဲ့ရာ၌ လာလီဂါတွင် ဖန်တီးပေးမှု၁၁ ကြိမ်၊ သွင်းဂိုး ၁၄ ဂိုး၊ ချန်ပီယံလိဂ်တွင် ဖန်တီးပေးမှု နှစ်ကြိမ်၊ သွင်းဂိုးငါးဂိုး၊ စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင် ဖန်တီးပေးမှု တစ်ကြိမ်၊ သွင်းဂိုးတစ်ဂိုးစသည်ဖြင့် ဖန်တီးပေးမှုအကြိမ်ပေါင်း ၁၄ ကြိမ်၊ ပြိုင်ပွဲအရပ်ရပ် တွင်သွင်းဂိုးစုစုပေါင်း ဂိုး ၂၀ အထိ ရှိထားသည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်နှင့်အတူရာသီကုန်ပါက တစ်နှစ်တည်း ဖလားသုံးလုံးရယူဆွတ်ခူးနိုင်သည့် အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်ရန် ပစ်မှတ်ထား လာခဲ့ခြင်း ဖြစ်သည်။

MOI Webportal Myanmar