ရာဇာမင်းဓာတ်ဆီဆိုင်မှ ငွေများကို လူငယ်တစ်ဦး ဝင်ရောက်လုယက်

ပို့စ်တင်ချိန် - 4/19/2014 04:20:00 PM


မော်လမြိုင်၊ ဧပြီ ၁၈

ပေါင်မြို့နယ် မုတ္တမမြို့ ဇင်းဘာရပ်ကွက် ရန်ကုန်- မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်ရှိ ရာဇာမင်း ဓာတ်ဆီဆိုင်တွင် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက် နေ့) နံနက်အစောပိုင်းက ငွေရှင်းကောင်တာမှ ငွေများကို ရန်ကုန်ပြန်ရန် ခရီးစရိတ် လိုအပ်လျက်ရှိသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးက ဝင်ရောက် လုယူခဲ့ကြောင်း မုတ္တမရဲစခန်းမှ စခန်းမှူးသိန်းလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၂၀ အရွယ်ရှိ ပြည့်ဖြိုးအောင် ဆိုသူသည် ယင်းနေ့ နံနက် ၅ နာရီအချိန်တွင် ဆီဆိုင်အတွင်းသို့ လမ်းလျှောက် ဝင်လာပြီး ငွေရှင်းကောင်တာရှိ ပိုက်ဆံများကို ထုတ်ခိုင်းရာ ဆိုင်ဝန်ထမ်း မအိသိင်္ဂီမြင့်က ထုတ်ပေးခြင်း မရှိသဖြင့် ၎င်း၏ ဦးခေါင်းကို ဘီယာပုလင်းဖြင့် ရိုက်ပြီး ၆၀,၀၀၀ ကျပ်ကို လုယူသွားခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ဆီဆိုင်တွင်းရှိငွေများ ဝင်ရောက် လုယူရန် မော်လမြိုင် ကုလားဈေးအနီးရှိ ဆိုင်ကယ်တက္ကစီ တစ်စီးကို ၁၅၀၀ကျပ် ဖြင့် ငှားခဲ့ပြီး မုတ္တမသို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆီဆိုင်သို့ မရောက်မီ ဆိုင်ကယ်တက္ကစီကို ရပ်ခိုင်းခဲ့ပြီး တစ်ဦးတည်း ဝင်ရောက် လုယူခဲ့ခြင်း ဖြစ်ကြောင်း လုယက်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး ရိုက်နှက်ခံရသည့် စာရေးမသည် ဘယ်ဘက်ဦးခေါင်း ကွဲသွားပြီး နှစ်ချက် ချုပ်လိုက်ရကြောင်းနှင့် လုယက်မှု ကျူးလွန်ခဲ့သည့် ပြည့်ဖြိုးအောင်ကို ဧပြီလ ၁၄ ရက်နေ့ နံနက် ၈ နာရီတွင် မုတ္တမ ပုသိမ်ကွင်း ကျောင်းတိုက် ဘုန်းကြီးကျောင်းဘေး၌ ဖမ်းမိခဲ့ကြောင်း စခန်းမှူး သိန်းလွင်က ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်မှန် သိရှိရန် မုတ္တမရှိ ရာဇာမင်းဆီဆိုင်မှ ဝန်ထမ်းများနှင့် မန်နေဂျာကို မေးမြန်းရာ ၎င်းတို့သည် ဆီဆိုင်ဝန်ထမ်းများ ဖြစ်ခြင်းကြောင့် ဖြေကြားလိုခြင်း မရှိကြောင်း ဆီဆိုင်မန်နေဂျာ ဦးကျော်ကျော်မင်းက ပြောဆိုသည်။

ပြည့်ဖြိုးအောင်သည် မော်လမြိုင်မြို့ ဦးဇိနဘုရားအနီး ကြံတိုင်းအောင် ဘုန်းကြီးကျောင်းတွင် နေထိုင်ပြီး ကျပန်း လုပ်ကိုင်သူ ဖြစ်ကြောင်းနှင့် ခရီးစရိတ် လိုအပ်ခြင်းကြောင့် ကြံရာမရဖြစ်ကာ ယင်းကဲသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း မုတ္တမရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းဖြစ်ရပ်အတွက် ရာဇာမင်း ဓာတ်ဆီဆိုင် မန်နေဂျာ ဦးကျော်ကျော်မင်းက မုတ္တမရဲစခန်းတွင် တရားလိုပြု တိုင်ကြားခဲ့ရာ မုတ္တမရဲစခန်းက(ပ) ၄၁/၂၀၁၄ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မုတ္တမရဲစခန်းထံမှ သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ပေါင်မြို့နယ်အတွင်း ယင်းကားလမ်းပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို တပ်မတော် အရာရှိတစ်ဦးက ဘောလုံးပွဲ အကြွေးဆပ်ရန် ငွေလိုအပ်ခြင်းကြောင့် ရွှေများ ဝင်ရောက် လုယူမှု ဖြစ်ခဲ့ဖူးသည်။

The Voice Weekly