တီမန်ယန်မန်အရေးအခင်းပြတိုက်တွင် ဒီမိုကရေစီနတ်သမီးရုပ်တု ထားမည်

ပို့စ်တင်ချိန် - 4/19/2014 03:15:00 PM


ဟာင်ကောင်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ၁၉၈၉ တရုတ်နိုင်ငံ တီယန်နန်မန်ရင်ပြင် အရေးအခင်း သမိုင်းဝင်ပြတိုက်ထဲမှာ ထားရှိမယ့် ဒီမိုကရေစီနတ်သမီး ပုံတွဲရုပ်တုကို ဧပြီလ ၁၈ ရက်နေ့က ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားသူတွေက ရွှေ့ပြောင်းခဲ့ကြပါတယ်။

မူလဒီမိုကရေစီနတ်သမီးရုပ်တုကို ၁၉၈၉ ဇွန်လ တီယန်နန်မန်ရင်ပြင် အရေးအခင်း ဖြစ်ပွားချိန် အတွင်း ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူတွေက တည်ဆောက်ခဲ့ကြပေမယ့် အရေးအခင်းကို ပြိုခွင်းချိန်မှာ တရုတ်စစ်သားတွေက ရုပ်တုကို ဖျက်စီးခဲ့တာဖြစ်ပါတယ်။

ပြတိုက်မှူး အန်ဒယူလမ်က ရုပ်တုကို သယ်ယူလာတဲ့အချိန်က တားဆီးနှောင့်ယှက်မှုရှိမှာ စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့်အောင်အောင်မြင်မြင်ပဲ သယ်ယူလာနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ နတ်သမီး ရုပ်တုအတွက် စာမျက်နှာသစ်တခု ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြီး ဒီပြတိုက်မှာ အမြဲတမ်းထားရှိမှာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

၁၉၈၉ ဇွန်လ ၃ ရက်နဲ့ ၄ ရက်နေ့ တီယန်နန်မန်ရင်ပြင် ဒီမိုကရေစီရေးဆန္ဒပြပွဲတွေမှာ ဖြိုခွင်းခံခဲ့ရချိန်မှာ ကျောင်းသားတွေ ရာချီသေဆုံးခဲ့ပြီး အဲ့ဒီ အရေးအခင်းအကြောင်း ပြောဆို ဆွေးနွေးမှုတွေဟာ တရုတ်နိုင်ငံမှာ ပိတ်ပင်တားမြစ်ခံရဆဲဖြစ်ပါတယ်။

ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးမှာ တရုတ်အစိုးရက ပိုပြီးချုပ်ချယ်ကန့်သတ် လာတာတွေနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချမှုတွေ ဖြစ်ပွားနေချိန်မှာ အခုလို ဒီမိုကရေစီ နတ်သမီးရုပ်တုကို တီမန်ယန်မန်အရေးအခင်းပြတိုက်မှာ ထားရှိမယ့်ကိစ္စဟာ တရုတ်အစိုးရ အတွက် အကျပ်ရိုက်စေမှာဖြစ်ပါတယ်။

  ပြတိုက်ကို ဧပြီလကုန်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ပြတိုက်မှာ ဒီမိုကရေစီရုပ်တုအပြင် တီယန်နန်မန်အရေးအခင်းနဲ့ပတ်သက်တဲ့ မှတ်တမ်း၊ ဓါတ်ပုံတွေ၊ အထောက်အထားတွေ ထားရှိမှာဖြစ်ပါတယ်။

DVB Burmese