ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 4/19/2014 01:53:00 PM


ကျောက်တံခါး ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာ အုပ်စုမြို့ချောင်းကျေးရွာ ဖဒိုရဲစခန်း အပိုင်ရဲစခန်း၏ အနောက်ဘက် ခုနစ်မိုင်ခန့် အကွာ အမြန်လမ်းအနီး မြို့ချောင်းဈေးတန်းကွက်သစ်တွင် ဧပြီ ၁၈ ရက်နံနက် ၉ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့ချောင်းကျေးရွာဈေးတန်းကွက်သစ်နေ ဦးချစ်ဆောင် (၅၃)နှစ် ဈေးရောင်းသူ၏နှစ်ထပ်တိုက် နေအိမ် နောက်ဖေး ခန်းတွင် လျှပ်စစ် ထမင်းပေါင်းအိုးတည်ထားရာမှ အပူရှိန်လွန်ကဲပြီး ဝါယာရှော့ဖြစ်၍ မီးစတင် လောင်ကျွမ်း ခဲ့သဖြင့် နှစ်ထပ်တိုက်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ကျောက်တံခါး၊ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒို၊ပြွန် တန်ဆာ၊ ညောင်လေးပင်မြို့မှ မီးသတ် ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုတို့စုပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက်၉ နာရီခွဲ က စတင်လောင်ကျွမ်းသောမီးမှာ နံနက် ၁၀ နာရီခွဲတွင် မီးညွန့်ကျိုးခဲ့၍ မွန်းလွဲ ၁၂ နာရီခွဲတွင် လုံးဝ မီးငြိမ်းသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖဒိုနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ကျော်ဦးက တိုင်တန်း၍ မီးအားပေါ့ဆစွာသုံးစွဲ သူ ဦးချစ်ဆောင်အား ဖဒိုနယ်မြေ ရဲစခန်းက (ပ)၄၆/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

MOI Webportal Myanmar