ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ ၁၀ ခုစာရင်းတွင် ပါဝင်လာသည့် Xiaomi

ပို့စ်တင်ချိန် - 5/22/2014 01:14:00 PM


Canalys မှထုတ်ပြန်ခဲ့သော ကမ္ဘာတစ်ဝန်းသို့ စမတ်ဖုန်းတင်ပို့ရောင်းချသည့် ထိပ်တန်းကုမ္ပဏီ ၁၀ ခုတွင် တရုတ်ဖုန်းကုမ္ပဏီ Xiaomi ကပထမဦးဆုံးအကြိမ် ပါဝင်လာခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ကမ္ဘာထိပ်တန်း ဖုန်းအမှတ်တံဆိပ် ၁၀ ခုစာရင်း၏ ထက်ဝက်ခန့်မှာ တရုတ်နိုင်ငံမှ အမှတ်တံဆိပ်များဖြစ်လာခဲ့ပြီး Huawei ကတတိယ Lenovo က စတုတ္ထ၊ Xiaomi က ဆဋ္ဌမ၊ Coolpad က အဋ္ဌမနှင့် ZTE က နဝမအသီးသီး ရပ်တည်ခဲ့ကြသည်။

Samsung ကမူ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ကိုဆက်လက် ဦးဆောင်နေပြီး ဈေးကွက်သို့တင်ပို့ရောင်းချမှု ၃၁ ရာခိုင်နှုန်းရှိခဲ့သည်။

Apple မှာ ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိခဲ့သော်လည်း Xiaomi ဝင်ရောက်လာမှုကြောင့် HTC မှာကမ္ဘာထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ ၁၀ ခုစာရင်းမှ ဖယ်ပေးလိုက်ရကြောင်း လေ့လာဆန်းစစ်သူ Tomi

Ahonen က Twitter မှတစ်ဆင့်ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ဈေးကွက်တွင်လည်း  Samsung  ကပင်ဆက်လက် ဦးဆောင်နေပြီး ဈေးကွက်ရှယ်ယာ ၁၈ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသည်။ Xiaomi  သည်လည်း  ပြည်တွင်းဈေးကွက်တွင် ဈေးကွက်ရှယ်ယာ ပိုင်ဆိုင်မှုမြင့်တက်ခဲ့ပြီး ဈေးကွက်၏တတိယ နေရာ၌ရပ်တည်နိုင်ခဲ့သည်။


Xiaomi သည် တရုတ်ပြည်မကြီးသို့ ဖုန်းတင်ပို့ရောင်းချမှု ၉၇ ရာခိုင်နှုန်းရှိခဲ့ပြီး တရုတ်၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ) နှင့်စင်ကာပူနိုင်ငံများသို့ Android စမတ်ဖုန်းများ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။



-နောင်နောင်
Ref: TechInAsia
Internet Journal