ရခိုင်တွင် ဘင်္ဂါလီများကို သန်းခေါင်စာရင်း ပြန်ကောက်ရန် ညှိနှိုင်း မရသေးဟုဆို

ပို့စ်တင်ချိန် - 5/22/2014 04:09:00 PM



နေပြည်တော်၊ မေ ၂၁

သန်းခေါင်စာရင်း အကောက်မခံဘဲ ကျန်ရှိနေသည့် ဘင်္ဂါလီ တစ်သန်းခန့်ကို သန်းခေါင်စာရင်း ပြန်လည်ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ရခိုင်ပြည်နယ် ခရီးစဉ် နှစ်ခုတွင် ဘင်္ဂါလီများနှင့် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ်သို့ မေလ ၉ ရက်နေ့နှင့် ၁၈ ရက်နေ့တို့က သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဘင်္ဂါလီများကို သန်းခေါင်စာရင်း ပြန်လည်ကောက်ယူရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် လူမျိုးနေရာ၌ ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုမှသာလျှင် သန်းခေါင်စာရင်း အကောက်ခံမည်ဟု ပြောဆိုပြီး အစိုးရကလည်း ရိုဟင်ဂျာဟု ထည့်သွင်းပါက ကောက်ယူမည် မဟုတ်သဖြင့် ညှိနှိုင်းမှု အဆင်မပြေခြင်း ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာညီညီက ပြောကြားသည်။
“လူမျိုးနေရာမှာ ဘင်္ဂါလီလို့လည်း မထည့်ဘူး။ ရိုဟင်ဂျာလို့လည်း မထည့်ဘဲနဲ့ လူမျိုးနေရာ ချန်ပြီး ကောက်မယ်လို့ ညှိနှိုင်းတာကိုလည်း လက်မခံဘူး” ဟု ၎င်းကဆိုသည်။

သန်းခေါင်စာရင်း နည်းနာအရ သန်းခေါင်စာရင်း ကောက်ယူပြီး ရက်သတ္တပတ် ခြောက်ပတ်မှ ရှစ်ပတ်အတွင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ကာ ယင်းကာလ ကျော်လွန်သွားပါက ကောက်ယူ၍ မရတော့သဖြင့် မေလအတွင်း အပြီးကောက်ရမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရှိရသည်။

ဘင်္ဂါလီများကို မေလအတွင်း သန်းခေါင်စာရင်း ပြန်လည်ကောက်ယူနိုင်ရန် ပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ်သို့ ထပ်မံသွားရောက် ညှိနှိုင်းမည် ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

အလားတူ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေတွင် ရှိသည့် ကျေးရွာ ၉၇ ရွာကို သန်းခေါင်စာရင်း ပြန်လည်ကောက်ယူနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ဒေါက်တာညီညီက ဆိုသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီ ၁ ဒသမ ၃၃ သန်း ရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ၁ ဒသမ ၀၅ သန်း ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ခရိုင်ငါးခရိုင် ရှိသည့်အနက် နှစ်ခရိုင်မှ ဘင်္ဂါလီလူဦးရေ နှစ်သောင်းကျော်နှင့် အခြားပြည်နယ်များတွင် ရှိသည့် ဘင်္ဂါလီ သုံးသိန်းခန့်ကသာ ဘင်္ဂါလီအမည်ဖြင့် သန်းခေါင်စာရင်း အကောက်ခံကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

The Voice Weekly